Saturday, May 6, 2017

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် (ရန်ကုန်) ၌ စခန်းသွင်း လေ့ကျင့်နေသော ပဏာမမြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ကြည့်ရှုအားပေး

ရန်ကုန်၊ မေ  ၆
ဩဂုတ် ၁၉ ရက်မှ (၃၀) ရက်နေ့ မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် (၂၉) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီး ကျင်းပနိုင်ရန် ရက်ပေါင်း(၁၀၆) ရက်သာလိုတော့သည့်အတွက်ကြောင့် မြန်မာအားကစား သမားများအနေဖြင့် ယခင်ကထက်ပြင်းပြင်းထန်ထန် လေ့ကျင့်စေနိုင်မှုနှင့် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး
ကအစ လေ့ကျင့်ရေးဝတ်စုံနှင့် လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးနိုင်မှုနှင့် နည်းပြများ၏ ခေတ်မီ သော နည်းစနစ်များဖြင့် သင်ကြားပေးနိုင်မှု အခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်တာဝန်ရှိသူများသည်  ယမန်နေ့နေ့လည်(၁)နာရီအချိန်မှစ၍ ရန်ကုန်မြို့ အားကစား လေ့ကျင့်ရေးစခန်း အသီးသီးသို့ သွားရောက်ကြည့်ရှု့အားပေးရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းတွင်  ပဏာမလက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ ဘော်လီဘော လေ့ကျင့်ရေး အားကစားရုံ၌ ပဏာမလက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်း လေ့ကျင့်နေမှုအားလည်းကောင်း၊ တိုက်ကွမ်ဒို အားကစားလေ့ကျင့်ရေးရုံအား လည်းကောင်း၊ ကရာတေးဒိုလေ့ကျင့်ရေးခန်းမ၌ ပဏာမလက်ရွေးစင်အမျိုးသား/အမျိုးသမီး ကရာတေးဒို လေ့ကျင့် နေမှုနှင့် ကြံ့ခိုင်မှု၊ သွက်လက်မှု၊ လျင်မြန်ဖြတ်လတ်မှုနှင့်ပြိုင်ပွဲဝင်ပုံစံ ကစားကွက်များကို သရုပ်ပြသကြပြီး  ပြည်ထောင်စုဝန်ကြီးမှ ပဏာမလက်ရွေးစင် ကရာတေးဒိုအားကစားသမားများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားသည်။
ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ National Golf Range သို့ ရောက်ရှိရာ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးကိုကိုအေးမှ ဂေါက်သီး လေ့ကျင့်ရေးကွင်း အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက Golf Range ကိုပြန်လည် အဆင့်မြင့်တင်နိုင်ရေး အတွက်မှာကြားသည်။ ယင်းနောက် သုဝဏဘိုလင်း အားကစားရုံသို့ရောက်ရှိကာ ပဏာမ လက်ရွေးစင် အားကစားသမားများနှင့် ဉာဏ်ရည်မမီမသန်စွမ်း အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး စကားပြောကြားသည်။

ထို့နောက် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံ၌ အမျိုးသမီးဘတ်စကက်ဘောအသင်း လေ့ကျင့် နေမှုအား ကြည့်ရှုအားပေးကာ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အတွက်ကောင်းသော မခံချင်စိတ်ဖြင့် အစွမ်းကုန် ကြိုးစား လေ့ကျင့်စေလိုကြောင်းဖြင့် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment