Saturday, May 6, 2017

တစ်သက်တာ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် လိုအပ်သောဘဝနေထိုင်မှုပုံစံဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၆
မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့က ဦးစီးကျင်းပသည့် တစ်သက်တာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သော ဘဝနေထိုင်မှုပုံစံဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင်သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည် စွာနေထိုင်နိုင်ရေး၊ လူတိုင်းရောဂါ ဘယကင်းရှင်းရေး စသည့် အချက်များပြည့်မီနိုင်ရန် လုပ်ဆောင်ရာတွင် မိမိတို့အနေဖြင့် မည်မျှပင်အား စိုက်လုပ်ဆောင်သော်လည်း ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ အသိ၊ ခံယူမှု၊ အလေ့အထ စသည်တို့ကို အခြေခံသည့်ဘဝနေထိုင်မှု ပုံစံများ ကောင်းမွန်စွာပြောင်းလဲ တိုးတက် လာခြင်းမရှိပါက အဆိုပါ ရည်မှန်းချက်ပန်းတိုင်များ သို့ ရောက်ရှိရန် ခက်ခဲနေဦး မည်ဖြစ်ပါကြောင်း။
ရောဂါဖြစ်ပွားလာနိုင်သည့် ခနာကိုယ်တွင်းပြောင်းလဲမှု အခြေအနေများကို ကြိုတင်သိရှိရန်နှင့် ရောဂါဖြစ်ပွားမှုများကို စောစီးစွာသိရှိ၍ ရောဂါနောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရစေရန် ပြည်သူလူထုအတွင်း ပုံမှန်ကျန်းမာရေး စစ်ဆေးသော အလေ့အထများ ရရှိစေရန်နှင့် အဓိကကျသောစစ်ဆေးမှုများကို ဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန် အတွက်လည်း ဆေးပညာရှင်ကြီးများမှ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ ကျန်းမာပျော်ရွှင်သော၊ ဘဝအရည်အသွေး မြင့်မားသော၊ သက်တမ်းစေ့နေနိုင်သော၊ ရောဂါဘယ ကင်းဝေးသော ပြည်သူလူထုကြီး ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်း ကြပါဟု ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဌ ပါမောက္ခဒေါက်တာနေဝင်းက နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ဆက်လက်၍ စာတမ်းဖတ်ပွဲအား ကျင်းပရာ သဘာပတိအဖြစ် ပါမောက္ခ ဒေါက်တာခင်မောင်အေးနှင့် ပါမောက္ခ ဒေါက်တာအောင်ကြီးတို့ကဆောင်ရွက်ကြပြီး ပါမောက္ခ ဒေါက်တာခင်မောင်အေးက အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဆေးပညာ ရှင်အဖွဲ့ အလုပ်အမှုဆောင်၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာစိုးသိမ်း၊ အမျိုးသားအာဟာရဗဟိုဌာနမှ ဌာနမှူး(ငြိမ်း) ဒေါက်တာအေးသွင်၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာရဲတင့်လွင်၊ ဆေးတက္ကသိုလ်(၂) စိတ်ပညာဌာနမှ ပါမောက္ခ/ဌာနမှူး (ငြိမ်း) ဒေါက်တာလှဌေး၊ ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးတို့က  တစ်သက်တာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သောဘဝနေထိုင်မှုပုံစံဆိုင်ရာ စာတမ်းများကို အသီးသီး ဖတ်ကြားကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် သဘာပတိ ပါမောက္ခဒေါက်တာအောင်ကြီးက နိဂုံးချုပ်စကား ပြောကြား ကာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဌာနေကိုယ်စား လှယ် Mr. Stephen P. Jose နှင့်အဖွဲ့အား မေ (၅) ရက် မွန်းလွဲပိုင်းက ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် UNFPA Myanmar မှ Country representative ဖြစ်သူ Ms. Janet E. Jackson နှင့် အဖွဲ့အားလက်ခံတွေ့ဆုံပြီး မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သားဖွားဆရာမများ၏ Professional ကဏ္ဍမြှင့်တင်ရေး၊ အမျိုးသမီးများ အခန်းကဏ္ဍမြှင့်တင်ရေး၊ လူငယ်ထု အခန်းကဏ္ဍမြှင့်တင်ရေး၊ ကျား/မ မတူကွဲပြား မှုများလျော့ချရေးနှင့် အခွင့်အရေးတန်းတူညီမျှစွာရရှိစေရေး ကိစ္စရပ်များအား ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment