Saturday, May 6, 2017

ဖိနပ်စက်ရုံ (ကျောက်ဆည်)တွင် Reva Co., Ltd. နှင့် Gao Yuan Enterprises Development တို့ နည်းပညာပူးပေါင်း၍ အရည်အသွေးမီဖိနပ်များ စတင်ထုတ်လုပ်သည့် အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၆
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ကျောက်ဆည် စက်မှုနယ်မြေရှိ စက်မှုဝန်ကြီးဌာနမှReva Co., Ltd. သို့ ငှားရမ်းထားသည့် ဖိနပ်စက်ရုံ (ကျောက်ဆည်) ၌ ကျင်းပသည့်RevaCo., Ltd. နှင့် တရုတ်နိုင်ငံ Gao Yuan Enterprises Development တို့ နည်းပညာ ပူးပေါင်း၍ နိုင်ငံတကာ စံချိန်စံညွှန်း မီအရည်အသွေးမြင့်ဖိနပ်များ စတင်ထုတ်လုပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

ဖိနပ်စက်ရုံ(ကျောက်ဆည်)နှင့် ဖိနပ်စက်ရုံခွဲ (ဖော့ကန်)တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်တို့ဖြင့် Reva Co., Ltd. သို့ EVA Sole, Rubber Slipper များနှင့် ဖိနပ်အမျိုးမျိုးထုတ်လုပ်ရန် နှစ်(၅၀) ငှားရမ်းထားပါကြောင်း၊ နိုင်ငံပိုင် စက်ရုံများကို ရေရှည်တွင်ပုဂ္ဂလိကနှင့် အကျိုးတူ ဆောင်ရွက်ခြင်း (Public Private Partnership-PPP)၊ ပုဂ္ဂလိကနှင့် ဖက်စပ် ဆောင်ရွက်ခြင်း (Joint Venture- JV)၊ ပုဂ္ဂလိကသို့ နှစ်ရှည်ငှား ရမ်းခြင်း (Long Lease)၊ ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်းခြင်း (Privatization) နည်းလမ်းတို့ဖြင့် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လုပ်ငန်းရှင်များ အနေဖြင့်ရရှိလာမည့် အမြတ်အစွန်းအချို့မှသင့်တော်သည့် ရာခိုင်နှုန်းဖြင့် ဝန်ထမ်းများနှင့် စက်ရုံပတ်ဝန်းကျင်ရှိ ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကျခံသုံးစွဲရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ RevaCo., Ltd. ဥက္ကဋ္ဌဦးမောင်မောင်သောင်းက လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့် Gao Yuan Enterprises Development ဥက္ကဋ္ဌ Mr. Jeckနှင့်H & M Supply Change Manager Mr- Damien တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် Reva Co., Ltd. ဥက္ကဋ္ဌဦးမောင်မောင်သောင်း၊ Gao Yuan Enterprises Development ဥက္ကဋ္ဌ Mr. Jeck၊ H & M SupplyChange Manager Mr.Damien, Reva Co.,Ltd. မှ ဦးမြင့်သိန်းတို့က နိုင်ငံတကာ အဆင့်မီ အရည်အသွေးမြင့် ဖိနပ်များ စတင်ထုတ်လုပ်သည့် အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိသည့် နည်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိမ်သုံး ပစ္စည်းစက်ရုံ (မင်းစု)သို့ ရောက်ရှိပြီး လူနာတင်ယာဉ် တပ်ဆင် ထုတ်လုပ်နေမှု အခြေအနေ ကိုလည်းကောင်း အမှတ်(၇)အထည်စက်ရုံ (မြစ်သား) သို့ရောက်ရှိပြီး KoKoMyintCo.,Ltd နှင့်ပူးပေါင်း၍ အိန္ဒိယနည်းပညာဖြင့် (၁/၄၀)စီ ပေါင်းချည်ထုတ်လုပ်နေမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment