Saturday, May 6, 2017

ပုဂံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲကျင်းပ

ညောင်ဦး မေ ၆
ပုဂံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ  သတင်းစာရှင်းလင်းပွဲကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ပုဂံရှေးဟောင်းသုတေ သနပြတိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက  ပုဂံဒေသ ယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ အကုန်တွင် တင်ပြချက်စာတွဲ(၁)မူကြမ်း (Nomination Dossier) ကို တင်သွင်းရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် တင်ပြစာတွဲ  (Nomination Dossier) နှင့် စီမံခန့်ခွဲမှု အစီအစဉ်စာတွဲ(၂) (Management Plan) တင်သွင်းရမည် ဖြစ်ပါကြောင်း၊ ထိုသို့တင်သွင်းအပြီး ပုဂံယဉ်ကျေးမှုဒေသ သို့ (ICOMOS)မှ လာရောက် စစ်ဆေးမည်ဖြစ်ပြီး ဒေသခံလူထု သဘော ထားများပါ မေးမြန်းမည်ဖြစ်ပါကြောင်း။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းအား  ၁၉၉၆ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ ပုဂံဒေသကို၂၀၁၇- ၂၀၁၈ ခုနှစ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်က ပြန်လည်ဆောင်ရွက် ခဲ့ပါကြောင်း၊  ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရောက်သည့်အခါ မမြင်ရသည့်အကျိုးအမြတ်အနေဖြင့် အမျိုးသားရေး ဂုဏ်သိက္ခာဖြစ်ပါကြောင်း၊ အကယ်၍အကြောင်းအမျိုးမျိုးကြောင့်  ယခုနှစ်တွင်  ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးကိစ္စ နှောင့်နှေးကြန့်ကြာခဲ့မည်ဆိုလျှင် အမျိုးသားရေးဂုဏ်သိက္ခာဆိုင်ရာ အခွင့်အလမ်းတစ်ရပ် ဆုံးရှုံးရ မည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း။
ရှေးဘိုးဘွားများ နှစ်ပေါင်း ထောင်ချီတည်ဆောက်ခဲ့၍ ယဉ်ကျေးမှုအမွေ အနှစ်များကို ဒေသခံများဖြစ်ကြသည့် သားစဉ် မြေးဆက်များက ထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊  ယခုအချိန်ကာလသည် ကမ္ဘာ့ဒေသ အနှံ့အပြား သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်နေရချိန်ဖြစ်၍ နောင်နှစ်ပေါင်း များစွာကြာမြင့်လာချိန်တွင် မြေပေါ်၊ မြေအောက်ရှိ ရှေးဟောင်းအမွေအနှစ်များ တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းနိုင်သည့် အခြေအနေရှိမည်မဟုတ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခြင်းအားဖြင့် ပုဂံ ဒေသရှိယဉ်ကျေးမှု အမွေအနှစ် များကို UNESCO နှင့် UNESCO အဖွဲ့ဝင် ခေတ်မီ ဖွံ့ဖြိုးသည့် နိုင်ငံများ၊ အလှူရှင် နိုင်ငံများ၏  နည်းပညာနှင့် ငွေကြေးပံ့ပိုး ကူညီမှုများ ရရှိမည်ဖြစ်ကြောင်း။
၂၀၁၈ ခုနှစ်တွင် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ကိုလည်း UNESCO သို့ ယာယီအမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေသည် ခေတ်ကာလနှင့် လိုက်လျောညီထွေ မဖြစ်တော့သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် လိုက်နာ နိုင်ရေး  ပြင်ဆင်ရေးဆွဲ သွားမည်ဖြစ်ကြောင်း၊ အလားတူ ပုဂံဒေသဇုန် ပြင်ဆင် သတ်မှတ်ပြဋ္ဌာန်းခြင်း မဆောင်ရွက်နိုင်ပါက  ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်လျက်ရှိသည့် တင်ပြစာတွဲများ ရေးသားရန် ကျန်သည့် လုပ်ငန်းများ  ဆက်လက် ဆောင်ရွက်၍ မရနိုင်ကြောင်းနှင့်အချိန်မီ တင်သွင်း နိုင်မည် မဟုတ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးလုပ်ငန်းများ၊ ပုဂံဒေသ အတွင်း ငလျင်ဒဏ်ခံဘုရားများ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် UNESCO မှ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယနေ့ကျင်းပသော ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးအတွက် နယ်နိမိတ် သတ်မှတ်ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ UNESCO မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။

(နိုင်လင်းကြည်)

No comments:

Post a Comment