Friday, May 5, 2017

မြေနီကုန်းကျေးရွာ Max ဆီဆိုင်အနီးတွင် ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက်

သထုံ   မေ    
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ Max ဆီဆိုင်အနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် မေလ ၅ ရက်၊ နံနက်က ဒီဇယ်နှင့် အောက်တိန်း စက်သုံးဆီ စုစုပေါင်း ဂါလံ ၈၀၀၀ တင်ဆောင်လာသည့် ဆီသယ်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက် ၆ နာရီ လောက်က ဖြစ်တာ။ ဆီဘောက်ဆာက တုံးလုံးလဲသွားတာဆိုတော့ ဆီတွေက စိမ့်ထွက်တာရှိတယ်။ နေ့လည် အပူရှိန်ကမြင့်လာတယ် ဆီဘောက်ဆာကို အပူရှိန်မတက်အောင်လို့ မီးသတ်ယာဉ်တွေနဲ့ အဆက်မပြတ် ရေဖြန်းပေးနေရတယ်။ အနီးဝန်ကျင်က ပြည်သူတွေကို မီးဘေးနဲ့ အခြားဘေးအန္တရာယ် မဖြစ်အောင် အချိန်မီ လာရောက်ပြီး ဆောင်ရွက်ပေးနေတာပါ။ အခြားထိခိုက် ပျက်စီးတာတော့ မရှိပါဘူး” ဟု သထုံခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၄၆/၇ နှင့် ၁၄၇/၀ အကြား Max ဆီဆိုင်အနီးတွင် ရန်ကုန်ဘက်မှ သထုံဘက်သို့ ယာဉ်မောင်း ကိုနိုင်၊ ၂၉ နှစ်၊ (ဘ) ဦးအောင်ဝင်း၊ ဒဂုံဆိပ်ကမ်းမြို့၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ဒီဇယ် ၆၄၀၀ ဂါလံနှင့် အောက်တိန်း ၁၆၀၀ ဂါလံ၊ စုစုပေါင်း စက်သုံးဆီ ဂါလံ ၈၀၀၀ တင်ဆောင်လာသည့် ခေါင်းတွဲနံပါတ် YGN 7M/----- Nissan Tractor Head နောက်တွဲနံပါတ် 1 Tlr ---- Semi Tailer (Oil Bowser) အဖြူရောင် ဆီသယ်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိဘဲ မီးလောင်မှုနှင့် အခြားဘေးအန္တရယ်များဖြစ်ပွားမှု မရှိစေရေးအတွက် တာဝန်ရှိသူတို့က အချိန်မီ ကူညီဆောင်ရွက်ခဲ့ကြပြီး ဆီသယ်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကိုနိုင်အား မမစ(သထုံ) (ပ) ၃၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် သထုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
သက်ဦး(သထုံ)

No comments:

Post a Comment