Monday, May 8, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံ၊ Honorary Freedom of The City of London ဆု လက်ခံရယူ



လန်ဒန် မေ ၈

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ တရားဝင်ခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးနှင့် တွေ့ဆုံပြီး လန်ဒန်မြို့တော်မှ ချီးမြှင့်သည့် Honorary Freedom of The City of London ဆု လက်ခံရယူသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Sir Michael Fallon နှင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် လန်ဒန်မြို့ရှိ ကာကွယ်ရေး ၀န်ကြီးရုံး ဧည့်ခန်းမ၌ ခင်မင် ရင်းနှီးစွာ တွေ့ဆုံကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် လန်ဒန်မြို့ရှိ Guildhall ၌ ကျင်းပသည့် Honorary Freedom of The City Award of London ဆုချီးမြှင့်ပွဲသို့ တက်ရောက်ကာ  ဆုလက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ယခုချီးမြှင့်သည့် Honorary Freedom of The City Of London ဆုမှာ လန်ဒန်မြို့တော်မှ ပေးအပ်သည့်အဆင့်အမြင့်ဆုံးဆု ဖြစ်ပြီး နိုင်ငံတကာမှ အထင်ကရ ပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်သည့် ဆုဖြစ်ကြောင်း သိရသည်။ 

ယခုဆုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး အတွက် အကြမ်းမဖက်သည့်နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ကမ္ဘာ့နိုင်ငံရေး စင်မြင့်တွင် ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မှုတို့အတွက် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဆုကို ယခင်က ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိက သမ္မတ နိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ ကမ္ဘာကျော်သိပ္ပံ ပညာရှင် ပါမောက္ခစတီဗင် ဟော့ကင်း နှင့် ဗြိတိန်နိုင်ငံ ဝေလမင်းသမီး ဒိုင်ယာနာတို့ကို လည်း ဂုဏ်ပြုပေးအပ် ချီးမြှင့်ခဲ့ဖူးကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လန်ဒန်မြို့ ခေတ္တ မြို့တော်ဝန် Alderman Sir Alan Yarrow က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ 

(သတင်းစဉ်)

No comments:

Post a Comment