Monday, May 8, 2017

မြေယာဥပဒေပေါင်းစပ်ရေးဆွဲခြင်း အလုပ်ရုံဆေးနွေးပွဲကျင်းပ

ဘားအံ မေ ၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြေယာဥပဒေ ပေါင်းစပ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို မေလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၁၈၇၆ ခုနှစ် မြေနှင့်အခွန်အက်ဥပဒေ၊ ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနှင့်  အခွန်စည်းမျဉ်းအက်ဥပဒေ၊ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ(၃)ခုကို ဥပဒေ(၁)ခု တည်းအဖြစ် ရေးဆွဲပြဌာန်းနိုင်ရန်နှင့် ခေတ်နှင့်အညီ မြေယာဥပဒေများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးပြုံးချို၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းဟောင်းများအသင်း အတွင်းရေးမှူး၊ တွဲဘက် ပြည်နယ်အုပ်ချုပ်ရေးမှူး(ငြိမ်း) ဦးမိုးဆွေတို့က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများက အဖွဲ့(၄)ဖွဲ့ခွဲ၍ အဖွဲ့လိုက်ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် အဖွဲ့တစ်ဖွဲ့ချင်းစီ၏ ကိုယ်စားလှယ်တစ်ဦးစီမှ ဥပဒေသုံးသပ်ချက်၊ အကြံပြုချက်များ ပြန်လည် ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ ပေါင်းစပ်ဆွေးနွေးကြကာ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှ နောက်ဆုံးသုံးသပ်ချက်၊ အကြံပြုချက် ရလဒ်များအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူ အစီရင်ခံစာပုံစံ စာတမ်းပြုစု၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မြေယာဥပဒေပေါင်းစပ်ရေးဆွဲခြင်း အလုပ်ရုံဆေးနွေးပွဲကျင်းပခြင်းအားဖြင့် ခေတ်နှင့်အညီမြန်မာ့ ဥပဒေများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဥပဒေအသုံးအနှုန်းများတွင် ခေတ်နှင့်အညီခေါ်ဝေါ်မှု ကြောင့် ဥပဒေသုံးစွဲမှု လွယ်ကူခြင်း၊ လက်ရှိအခြေအနေနှင့်ညီသော ဥပဒေဖြစ်ပေါ်လာနိုင်ခြင်း၊ မြေယာဥပဒေများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများကို အခြေခံပြည်သူလူထုအတွင် ထွင်းဖောက်သိမြင်စေပြီး ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လာနိုင်ခြင်း စသည့် အကျိုးတရားများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment