Monday, May 8, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး စတုတ္ထအကြိမ် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ တက်ရောက်



ရန်ကုန် မေ ၈
 
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အဇာဘိုင်ဂျန်နိုင်ငံ ဘာ့ကူးမြို့၌ မေ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသော စတုတ္ထအကြိမ် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ နိုင်ငံအကြီးအကဲများ၊ ၀န်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြီးအကဲများ စုစုပေါင်း ၁၅၀၀ ဦးခန့် တက်ရောက်ကြပြီး လူသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း အသစ်များကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊ မူလတန်းနှင့် အလယ်တန်း အဆင့် ပြီးမြောက်ရေး၊ အထက်တန်းအဆင့် သင်ကြား သင်ယူမှု အခွင့်အလမ်း မြှင့်တင်ရေး၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် တိုင်းရင်းသား ဆရာ ဆရာမများ ခန့်ထားရေး၊ ကျေးလက်ဒေသ၊ ဝေးလံခေါင်းပါးဒေသနှင့် ပဋိပက္ခဒေသတို့မှ ကလေးများနှင့် သင်ကြားသင်ယူမှု အခက်အခဲရှိသော ကလေးများ ပညာသင်ကြားရေး၊ ကျောင်းပြင်ပ ပညာရေး၊ တစ်သက်တာ ပညာရေးနှင့် အခြေခံစာတတ်မြောက်ရေး၊ ဆရာ ကျောင်းသား အချိုးမျှတရေး၊ ပညာရေး ကောလိပ်များကို ဒီဂရီကောလိပ် များသို့ အဆင့်တိုးမြှင့်ရေး၊ မိဘဆရာ ပူးပေါင်းဆောင်ရွက်ရေး၊ အဆင့်မြင့်ပညာရေးနှင့် အဝေးသင်ပညာရေး စနစ် မြှင့်တင်ရေး၊ နည်းပညာနှင့် သက်မွေးပညာရေး မြှင့်တင်ရေး၊ ယှဉ်ပြိုင်စွမ်းအားရှိသော လုပ်သားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့် လုပ်ငန်းအရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာ ရေးအတွက် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ရေးနှင့် ယူနက်စကိုနှင့် ပူးပေါင်း၍ ပုဂံနှင့်အခြား ယဉ်ကျေးမှု နယ်မြေများတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် မေ ၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
 (ပညာရေး)

No comments:

Post a Comment