Sunday, May 28, 2017

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိလာစေရန် ဆရာ/မများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများ၊ စေတနာရှင်မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်

ဘားအံ မေ ၂၈
ကရင်ပြည်နယ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး နေ့ အခမ်းအနားကို မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း  ကျောင်း မြသံလွင်ခန်းမ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်၊ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစိုးမြင့်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအတွက် စာရေးကိရိယာ၊ ကျောင်း ၀တ်စုံ၊ ထီး၊ မိုးကာ၊ ကျော်ပိုးအိတ်၊ ထောက်ပံ့ငွေများ လှူဒါန်းပေးသော ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ  ကျောင်းနေရန် အခက်အခဲရှိသော မူလတန်းအဆင့် ကျောင်းသား/သူများ(၅၀)ဦးအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ကရင်ပြည်နယ်အနေဖြင့် ကျောင်းအပ်နှံရေးကာလမတိုင်မီ ကြိုတင်လုပ်ရှားမှုအနေဖြင့် ကျောင်းနေအရွယ် ကလေးများ စာရင်းကိုရရှိရန် ဧပြီလမှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအသီးသီးတွင် စာရင်းများကောက်ခံရယူပြီး ကျောင်းအပ် နှံရေးနေ့ကာလတွင် ကလေးတိုင်းကျောင်းသို့ ရောက်ရှိလာခြင်းရှိမရှိ စိစစ်လျက်ရှိကြောင်း၊ ကျောင်းအပ်နှံရေးကာလပြီး၍ ဇွန်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိကို ကျောင်းသား/သူစာရင်းအားကြည့်၍ ကျောင်းအလိုက် မြို့နယ်အလိုက် စာရင်းချုပ်၍ ကျန်ရှိနေသောကလေးများအား သက်ဆိုင်ရာကျောင်းမှ ဆရာ/မများနှင့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများ၊ စေတနာရှင်မိဘပြည်သူများနှင့်ပူးပေါင်း၍ ကလေးများကျောင်းသို့ရောက်ရှိလာရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးဦးစိုးမြင့်က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
ယခုနှစ် ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းသုံးပြဌာန်း စာအုပ်အပြည့်အစုံ၊ လေ့ကျင့်ခန်းစာအုပ် (၆)အုပ်နှင့် ကျောင်းဝတ်စုံ(၁)စုံတို့ကို အခမဲ့ထောက်ပံ့ပေးပြီး အလယ်တန်းနှင့်အထက်တန်း အဆင့်တွင်ကျောင်းသုံး ပြဌာန်းစာအုပ်တစ်စုံ(အခမဲ့) ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေးကင်းလွှတ်ခွင့်နှင့် သူငယ်တန်း(KG)အတွက် ကျောင်းဝတ်စုံ(၁)စုံတို့ကို (အခမဲ့) ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment