Sunday, May 14, 2017

မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မြိတ် မေ ၁၄
မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မေလ(၁၅)ရက်နှင့် (၁၆)ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ရာ   အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် အကြိုလုပ်ငန်းညှိနှိုင်း  အစည်းအဝေးကို မေလ(၁၄)ရက် ည(၇)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးတွင် မြိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီဥက္ကဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြိတ်မြို့တွင် ပြည်သူလူထုအခြေပြု မြို့သန့်ရှင်းရေးလှုပ်ရှားမှု ဆောင်ရွက်မည့်အစီအစဉ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီဥက္ကဌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးစပ်လျဉ်း၍ ဆောင်ရွက်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး လုပ်ငန်းကော်မတီများက ကော်မတီအလိုက် လုပ်ငန်းကြိုတင်ဆောင် ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထိုနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ၀ိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီများ လုပ်ငန်းကြိုတင် ဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြိတ် (ပြန်/ဆက်)

No comments:

Post a Comment