Sunday, May 14, 2017

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လမ်းပြကြယ် (လေးမျက်နှာ) စာပေပြန့်ပွားရေး အဖွဲ့တို့ပူးပေါင်း၍ စာပေရေချမ်းစင်ဖွင့်လှစ်

လေးမျက်နှာ မေ ၁၄
လမ်းပြကြယ်(ဟင်္သာတ)စာပေပြန့်ပွားရေးအဖွဲ့၏ စာပေရေချမ်းစင်နှင့် စာအုပ်စာစောင်များ မတည်လှူဒါန်းမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လမ်းပြကြယ် (လေးမျက်နှာ) စာပေပြန့်ပွားရေး အဖွဲ့တို့ပူးပေါင်း၍ စာပေရေချမ်းစင်ဖွင့်ပွဲနှင့်စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို မေ ၁၄ ရက် နံနနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်၌ကျင်းပသည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လူထုလူတန်းစားအသီးသီးအား အသိပညာ၊ စာပေဗဟုသုတအလွယ်တကူ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော စာကြည့်တိုက်လုပ်ငန်းများနှင့်အတူ စာကြည့်တိုက်သို့ မလာနိုင်သူများလည်း မိမိတို့နှင့်လက်လှမ်းမီးရာတွင် စာပေဗဟုသုတအလွယ်တကူရှာမှီးရရှိစေရန် စာပေရေချမ်းစင်နှင့် နံရံကပ်စာပေရေချမ်းစင်များကို လူအသွားအလာများသည့် ကားဂိတ်ကြီးများ၊ လေဆိပ်၊ မီးရထားဘူတာရုံ၊ ဆေးရုံ၊ တက္ကသိုလ် စသည့်နေရာများတွင် ဖွင့်လှစ်ပေးထားရာ၊ အလှူရှင် စေတနာ့ဝန်ထမ်း စာပေပြန့်ပွားရေးလူမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် လမ်းပြကြယ်(ဟင်္သာတ)မှ လေးမျက်နှာမြို့ရှိပြည်သူလူထု လူတန်းစားအသီးသီးအား စာဖတ်ရှိန်မြှင့်တင်၍ စာပေပြန့်ပွားအောင်၊ အသိပညာနှင့်လူနေမှုဘ၀များ ဖွံ့ဖြိုးတိုးတက်လာအောင်စသည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ဌာနနှင့်လမ်းပြကြယ် (လေးမျက်နှာ) စာပေပြန့်ပွားရေးအဖွဲ့အတွက် စာပေရေချမ်းစင်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်အောင် မတည်၍လှူဒါန်းပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းများအတွက် ဌာနနှင့်လေးမျက်နှာမြို့နယ်ရှိ ပြည်သူများကိုယ်စား ကြိုဆိုပါကြောင်းနှင့် ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ လမ်းပြကြယ်(ဟင်္သာတ) စာပေပြန့်ပွားရေးအဖွဲ့မှ စာရေးဆရာ ဦးစိန်ဝင်း(ပန်းမြိုင်လယ်စိန်ဝင်း)နှင့် ဦးသန်းဇော်ဦးတို့က အဖွဲ့၏အများပြည်သူစာပေအကျိုးအတွက် ဆောင်ရွက်ပေးခဲ့မှုများနှင့် မြို့နယ်တိုင်းတွင် စာပေကွန်ယက် ချိတ်ဆက်၍ စာဖတ်ရှိမြှင့် တင်ရေးနှင့် စာပေပြန့်ပွားအောင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး စာပေရေချမ်းစင်နှင့်စာအုပ်စာစောင်များ၊ အဖွဲ့တံဆိပ်တုံးနှင့် ရင်ထိုးတံဆိပ်ကို ပေးအပ်လှူဒါန်းရာ လမ်းပြကြယ် (လေးမျက်နှာ) စာပေပြန့်ပွားရေးအဖွဲ့မှ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
လမ်းပြကြယ်(လေးမျက်နှာ)၏ စာပေရေချမ်းစင်ကို လေးမျက်နှာမြို့ အမှတ်(၅)ရပ်ကွက်၊ အဝေးပြေးကားဂိတ်ရှေ့ရှိ လ္ဘက်ရည်ဆိုင်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး နေ့စဉ်ဖွင့်လှစ်ပေးထား မည်ဖြစ်ရာ စာအုပ်စာစောင်များကို မည်သူမဆို အခမဲ့ လာရောက်လေ့လာဖတ်ရှု နိုင်ကြောင်းသိရသည်။ လမ်းပြကြယ် (လေးမျက်နှာ)က စာပေရေချမ်းစင် ဆက်လက်ရှင်သန် ပြန့်ပွားအောင်ဆောင်ရွက်၍ လေးမျက်နှာ မြို့နယ်အတွင်း ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင် ဦးသက်နိုင်ထံမှ သိရသည်။

မြို့နယ်ပြန်ဆက်

No comments:

Post a Comment