Sunday, May 14, 2017

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း နယူးဇီလန်နိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ရန်ကုန် မေ ၁၄
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ (၈)ရက်မှ (၁၂)ရက်အထိ နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ ၀န်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို လေ့လာရန်သွားရောက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ်အတွင်း နယူးဇီလန်နိုင်ငံ၏ အစိုးရအုပ်ချုပ်မှုပုံစံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံ့ဝန်ထမ်းရေးရာ ကော်မရှင် ၏အခန်းကဏ္ဍနှင့် ပြုပြင်ပြောင်းလဲမှု၊ အီလက်ထရော နစ်နည်းပညာ အသုံးပြု၍ လေ့လာသင်ယူခြင်း၊ ဗစ်တိုးရီးယားတက္ကသိုလ်မှ အာဆီယံနိုင်ငံများအတွက် ကာလတို သင်တန်းများပေးခြင်း၊ အဆင့်မြင့်အရာရှိကြီးများ၏ နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်မှု၊ နိုင်ငံ့ဝန်ထမ်းရေးရာ ကော်မရှင်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍ၊ နယူးဇီလန်နိုင်ငံ ၀န်ထမ်းစနစ်တွင် ဖြောင့်မတ်မှန်ကန်စွာဖြင့် ပြည်သူအား ၀န်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များကိုလေ့လာကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသော ၀န်ထမ်းများရွေးချယ်ခန့်ထားခြင်း၊ ၀န်ထမ်းရေးရာခံစား ပိုင်ခွင့်များ၊ ၀န်ထမ်း စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းရေးရာ ကော်မရှင်ဥက္ကဋ္ဌနှင့် ၀န်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များအားတွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းရွေးချယ် ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းစသည့် ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်း ဆိုင်ရာ တို့နှင့်စပ်လျဉ်း၍  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment