Sunday, May 14, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Belt and Road နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပေကျင်း မေ ၁၄
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ တရုတ်အမျိုးသားကွန်ဗင်း ရှင်းစင်တာ (CNCC) ၌ ကျင်းပသည့် Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက် ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

One Belt and One Road ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ ရုရှားသမ္မတ Vladimir Putin ၊ တူရကီသမ္မတ Recep Tayyip Erdogan၊ အီတလီဝန်ကြီးချုပ် Paolo Gentiloni ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr.Antonio Guterres ၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)အကြီးအကဲ Christine Lagarde နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ကြပြီး ဥရောပနှင့် အရှေ့ဥရောပ နိုင်ငံများဖြစ်သည့် ဂရိ၊ ဘယ်လာရုစ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တောင်ကိုရီးယား၊ အီသီယိုပီးယား စသည့်နိုင်ငံများမှ ခေါင်ဆောင်များ တက်ရောက်ကြသည်။
 အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က အဖွင့်အမှာစကားပြောကြားပြီး ရုရှားသမ္မတ Vladimir Putin ၊ တူရကီသမ္မတ Recep Tayyip Erdogan နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr.Antonio Guterres တို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ Great Hall of the People ၌ကျင်းပသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ပြီး National Centre for the Performing Arts(NCPA)၌ ဂုဏ်ပြုဖျော်ဖြေ တင်ဆက် ကပြသည့် ပြဇာတ်ကို ကြည့်ရှုအားပေးသည်။
တရုတ်နိုင်ငံသည် ဥရောပနှင့် အာရှနိုင်ငံများအကြား ကုန်းလမ်းနှင့် ရေလမ်းကုန် သွယ်ရေးလမ်းကို တဆက်တစပ်တည်း ပေါင်းစည်းရန် ရည်ရွယ်ပြီး ကုန်သွယ်ရေးပိုးလမ်း မကြီးကို အခြေခံချဲ့ထွင်ကာ “One Belt and One Road” စီမံချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် “One Belt and One Road” မဟာစီမံချက်သည် ပိုးလမ်းမကြီး စီးပွားရေး လမ်းကြောင်းနှင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီးကို ရည်ညွန်းခေါ်ဆိုထားခြင်းဖြစ်ကြောင်း၊ “One Belt and One Road” မဟာစီမံချက်သည် စီမံချက် ဖြတ်သန်းရာ နိုင်ငံများ၏ စီးပွားရေးစည်ပင်ဝပြောမှုနှင့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုး ဖြစ်ထွန်းစေရန်၊ မတူညီသော ယဉ်ကျေးမှုများကို ဖလှယ်ရင်းကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများကို အကျိုးဖြစ်ထွန်းစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ဦးဆောင်ဦးရွက်ပြုကာ ကြိုးပမ်းဆောင်ရွက်နေသော မဟာစီမံချက်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment