Sunday, May 14, 2017

ကျိုင်းတုံမြို့နယ်၌ အဘယမုဒြာဆင်းတု​တော် တည်ဆောက်ပူဇော်ခြင်းနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် မေ ၁၄
ကျိုင်းတုံမြို့နယ် ပန်ကွဲကျေးရွာအနီး အဘယမုဒြာဆင်းတုတော် တည်ဆောက်ပူဇော်ခြင်းနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်ရန် အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို မေ ၁၃ ရက် နံနက် ၉ နာရီတွင် အဆိုပါနေရာ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တကောဝိဒက သြ၀ါဒစကားမြွက်ကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက အလှူငွေ များ ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံသည်။
ယင်းနောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ကမ္ဘောဇကုမ္ပဏီ၊ Max Myanmar ကုမ္ပဏီ၊ IGE ကုမ္ပဏီ၊ ချမ်းဟိန်းကုမ္ပဏီနှင့် ရွှေသံလွင်ကုမ္ပဏီတို့မှ လှူဒါန်းသော အလှူငွေများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်ခံသည်။
ဆက်လက်၍ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ယနေ့ကျင်းပသည့် အဘယမုဒြာ ဆင်းတုတော်တည်ဆောက်ပူဇော်ခြင်းနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ရန်အတွက် ဒုတိယ အကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် ၈၄၉၇ သိန်းကျော်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် အဘယမုဒြာ ဆင်းတုတော်ပုံစံငယ်နှင့် တည်ဆောက်ရေး လုပ်ငန်းမှတ်တမ်းဓာတ်ပုံများ၊ ဗုဒ္ဓဥယျာဉ် တည်ဆောက်ရေးလုပ်ငန်းမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြပြီး အဘယမုဒြာ ရုပ်ပွား တော်ကြီး တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်နှင့် ဗုဒ္ဓဥယျာဉ်အတွင်း မုဒြာအစုံဖြင့် ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်နိုင်ရန် အဆောက်အအုံများ ဆောက်လုပ်နေမှုနှင့် ပြင်ဆင်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးသည် ကျိုင်းတုံမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ကျောင်းတိုက်များမှ သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ တက်ရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းယင်း ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကျိုင်းယင်းကျောင်း တိုက်ဆရာတော်ထံလည်းကောင်း၊ တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံလည်းကောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယနေ့လှူဒါန်းမှုတွင် ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင် ကျောင်းပေါင်း ၇၄ ကျောင်းအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆွမ်းဆန်တော် ၃၁၆ အိတ်၊ ဆီ ၅၀၄ ပိဿာနှင့် အလှူငွေစုစုပေါင်း ၁၆၂ သိန်း လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment