Tuesday, May 30, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ


နေပြည်တော် မေ ၃၀
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပရာ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခု၊ ဥပဒေကြမ်း(၁)ခုနှင့် အဆို(၁)ခုတို့အား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရ ယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ လွိုင်လင်မြို့နယ် ဟွေတောက် ချောင်းကူးသစ်သားတံတားနေရာတွင် သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးရန်နှင့် မိုင်းပွန်တိုက်နယ် ကျေးရွာအုပ်စုမှ တောင်ကြီးဖေးရွာအထိ မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူက တောင်ကြီးဖေးရွာလမ်းနှင့် ဟွေတောက်ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင်လျာထားပါဝင်ခြင်းမရှိပါကြောင်း၊ လက်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ သော်လည်း နှစ်အလိုက် တိုင်းဒေသကြီး ၊ပြည်နယ်များမှ ဦးစားပေးလျာထားမှုအပေါ်မူ တည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မုဒုံမဲဆန္ဒနယ်မှ ဦးစောထွန်း၏ မုဒုံမြို့နယ် ဝဲကလိချောင်းတံတားအား သံကူကွန် ကရစ် တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မုဒုံမြို့နယ်အတွင်း ၀ဲကလိချောင်း ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းသည် ယခု ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် လျာထားပါဝင်ခြင်းမရှိပါကြောင်း၊ လတ်တလောဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း နှစ်အလိုက် တိုင်းဒေသကြီး၊ပြည်နယ်များမှ ဦးစားပေးလျာထားမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှနှင့် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်တို့၏ လမ်းအဆင့်မြှင့်တင်ပေးရေး၊ လမ်းဖောက်လုပ်ပေးရေး ဆိုင်ရာမေးခွန်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး တင်သွင်းသည့် “အဂတိလိုက်စားမှု(လာဘ်ပေးလာဘ်ယူမှု)ကျဆင်းရန်အတွက် အစိုးရရုံးများနှင့်ပြည်သူ လူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်း ခဏခဏမပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဘိုကလေးမဲဆန္ဒနယ်မှ ဦးမင်းသိုင်းက ဌာနအသီးသီး၏ အဂတိလိုက်စားမှုသည် ပြည်သူများအတွက် ကြီးမားသော ၀န်ထုပ်ဝန်ပိုးဖြစ်နေပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှုသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများ တိုးတက်ရန်အတွက် အဓိကအတားအဆီးဖြစ်နေသည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထား ပါကြောင်း၊ အစိုးရ၀န်ထမ်း၊ အရာထမ်း၊ အမှုထမ်းများ၏ပိုင်ဆိုင်မှုများကို ဖော်ထုတ် ကြေညာသည့်ဥပဒေများ ပြဋ္ဌာန်းပေးမည်ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်က အချို့ဌာနများတွင် မသိနားမလည်သော အရပ်သားပြည်သူများ ရုံးကိုရောက်လာသည့်အခါ မယဉ်ကျေးသော အပြောအဆို၊ အပြုအမှုများဖြင့် အပေါ်စီးမှဆက်ဆံမှုများ ယခုအချိန်အထိ ရှိနေသည်ကို ကြားသိနေရ ပါကြောင်း၊ အချို့ပြည်သူများသည် ရုံးချိန်းများ၊ ဌာနဆိုင်ရာများနှင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် အလုပ်ပျက်ခံ၍ တစ်နေကုန် ရုံးတွင်စောင့်ရခြင်း၊ ညနေရောက်သည့် အခါမှ မအားသည်ဟုဆိုကာ တာဝန်မဲ့စွာဖြင့် ရုံးချိန်းပြောင်းခြင်း၊ ရက်ချိန်းရွှေ့ခြင်းများ ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူ့အများအပြားရှိနေပါကြောင်း ဆွေးနွေးသည်။
မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိက ရုံးချိန်းများ ခဏခဏ သွားကြရသည့်အခါ တွင် အစိုးရယန္တရားအပေါ် ပြည်သူများ၏ယုံကြည်မှု လျော့နည်းလာပါကြောင်း၊ နိုင်ငံ့ ၀န်ထမ်းဥပဒေတွင် ပြည်သူကိုရိုသေလေးစားစွာဝန်ဆောင်မှုပေးရမည်ဟု ပြဋ္ဌာန်းထားပါ ကြောင်း ဆွေးနွေးသည်။
ထို့ပြင် တံတားဦးမဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ စဥ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်နှင့် ကလေးဝမဲဆန္ဒနယ်မှ ဦးသန်းထွန်းမြင့်တို့ကလည်း အဆိုနှင့်စပ် လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ၀န်ထမ်းများက ပြည်သူလူထုကို ရုံးဌာနများသို့ အကြိမ်ကြိမ်ချိန်းဆိုကာ အချိန်ဆွဲ၊ စိတ် အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်ပြီး လာဘ်ပေးလာအောင် ဖန်တီးသည့်ကိစ္စများ လျော့နည်းကျဆင်းသွားစေရန် ပြည်သူလူထုအား ၀န်ဆောင်မှုပေးသည့်ဌာနဆိုင်ရာများ အနေဖြင့် ၀န်ဆောင်မှုပေးနေသည့်လုပ်ငန်းများတွင် မလိုအပ်သည့်အဆင့်များကို လျော့ချ ရန်၊ ၀န်ဆောင်ပေးမှုမှတ်တမ်းများထားရှိရန်နှင့် လုပ်ငန်းတစ်ခုချင်းအလိုက် ပြီးပြတ် အောင်ဆောင်ရွက်ရမည့် အချိန်ကာလကို တိကျစွာသတ်မှတ်ပြီး အများပြည်သူသိရှိနိုင် ရန်အတွက် ပွင့်လင်းမြင်သာစွာ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာရန် လိုအပ်သဖြင့် အချို့ဌာနများတွင် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
သို့ရာတွင် ဆောင်ရွက်ရန်ကျန်ရှိနေသော ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သည့်အစိုးရဌာန၊ အဖွဲ့အစည်များအနေဖြင့် မိမိဌာနအလိုက် လုပ်ငန်း သဘောသဘာဝ ကွဲပြားခြားနားမှုအခြေအနေကိုမူတည်၍ ဆောင်ရွက်ပေးရန်၊ ပြီးပြတ် အောင်ဆောင်ရွက်ပေးမည့် အချိန်ကာလနှင့်ယူဆောင်လာရမည့်အချက်များကို ပြည်သူ လူထုသိရှိနိုင်ရန် ဌာနဆိုင်ရာရုံးတိုင်း၏ မြင်သာသည့်နေရာများတွင် ထင်ထင်ရှားရှား ကြေညာထားရန်၊ ခိုင်လုံသောအကြောင်းမရှိဘဲ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေး ခြင်းမပြုပါက ၀န်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် တိုင်ကြားနိုင်သည့် Complaint Center များ ထုတ်ပြန်ကြေညာထားရန်၊ ပြည်သူများ၏ လုပ်ငန်းဆောင်ရွက်ရမှုအပေါ် တိုင်ကြားသည့် တိုင်စာကိုစစ်ဆေးရာတွင် တိုင်ကြားခံရသူသည် မိမိ၏ လုပ်ငန်းတာဝန် ကို ကျေပွန်အောင်ဆောင်ရွက်ခြင်းမပြုကြောင်း၊ ပြည်သူလူထုကို လုပ်ပိုင်ခွင့်ဘောင် အတွင်းမှ ပညာပြအချိန်ဆွဲကြောင်းတွေ့ရှိပါက အဆိုပါဝန်ထမ်းအား ၀န်ထမ်းစည်းကမ်း အရ အရေးယူရေးနှင့် လာဘ်ယူကြောင်း ပေါ်ပေါက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မလိုအပ် ဘဲ ရွှေ့ပြောင်းချိန်းဆိုခြင်း ဖြစ်ပေါ်ရခြင်းမှာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ၊ စည်းမျဉ်းစည်းကမ်းများ၏ အားနည်းချက်တစ်ခုတည်းကြောင့်မဟုတ်ဘဲ သက်ဆိုင် ရာဝန်ထမ်းများ၏ လုပ်ငန်းမကျွမ်းကျင်မှု၊ မသမာမှုများကြောင့်ဖြစ်နိုင်သည့်အတွက် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများမှ ကြပ်မတ်ဆောင်ရွက်သင့်ပါကြောင်းနှင့် အဆိုကိုမှတ်တမ်းတင် ထားရှိသင့်ပါကြောင်း ရှင်းလင်းသည်။
ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိ များနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီက တင်သွင်းသည့် အစီရင်ခံစာနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းသည့် တာတမံဥပဒေကြမ်း တို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုခဲ့ကြသည်။

ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment