Tuesday, May 30, 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ


နေပြည်တော် မေ ၃၀
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမဆောင်၌ ကျင်းပ သည်။  

အစည်းအဝေးတွင်            ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့ နယ် ဇင်းခါးချေကျေးရွာ ချောင်းသားမြောက်ကွင်း ကွင်းအမှတ် ၈၄၇(A)တွင်ရှိသည့် လယ်မြေ (၁၅)ဧကကို ကာကွယ်ရေးဝန်ကြီးဌာန သိမ်းဆည်းမြေအဖြစ်မှ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်က လယ်မြေ ၁၅ ဧကသည် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စားကျက်မြေ ပယ်ဖျက်ခွင့်ပြုမိန့် ရရှိခဲ့ပြီးဖြစ်သော်လည်း တပ်ရင်းဌာနချုပ်နှင့် ၁၀ မိုင်ခန့်ကွာဝေး ခြင်း၊ နှစ်စဉ်မိုးရာသီ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး မိုးစပါးစိုက်ပျိုးနိုင်မှု မရှိခြင်း တို့ကြောင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ပြန်လည်စွန့်လွှတ်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ကျောက်ဖြူခရိုင် မာန်အောင် မြို့နယ် မျှော်တော်ဦးအုပ်စု ပြားကြီးကျေးရွာ၌ ဒီရေတိုက်စားသဖြင့် မြေပြိုကျနေမှုကို လှိုင်းကာ ကျောက်တန်းများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံ ငွေကျပ် ၁၂၆ ဒသမ ၄၂၂ သန်းဖြင့် အလျားပေ (၁၅၀) ကျောက်ဖြည့်ရေကာတန်း ၆ ခု၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ မူလ ရန်ပုံငွေကျပ် ၁၂၆ ဒသမ ၄၂၂ သန်းဖြင့် အလျားပေ (၁၅၀) ကျောက်ဖြည့်ရေကာတန်း ၆ ခု တို့ကို တည်ဆောက်ကာကွယ်ခဲ့ရာ လှိုင်းပုတ်ကမ်းပြိုမှုကို သက်သာခဲ့ပါကြောင်း။
သို့ရာတွင် လှိုင်းဒဏ်ခံနေရသည့် အလျားပေ (၇၀၀၀)ကျော်အတွက် လုံလောက်မှု မရှိ သည့်အတွက် ရေကာတန်းများ ဆက်လက် တည်ဆောက်ပေးရန်နှင့် တည်ဆောက်ပြီး ရေကာ တန်းများ ပြုပြင်ထိန်းသိမ်းရန် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရ ဖြည့်စွက် ရန်ပုံငွေတွင် တင်ပြတောင်းခံထားပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ပြန်လည်သုံးသပ်ပြီး မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်မြင့်မား လာစေရန်အတွက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေး၊ နှစ်နိုင်ငံ အရာထမ်းအဆင့် နယ်စပ်ကုန်သွယ်ရေး ကော်မတီ အစည်းအဝေးနှင့် နယ်စပ်ဈေး ပူးတွဲကော်မတီ အစည်းအဝေးများကို အပြန်အလှန် ကျင်းပ၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
၂၀၁၅ ခုနှစ် နေပြည်တော်တွင် ကျင်းပသည့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်သွယ်မှုပြုနိုင်သည့် အမယ်များ တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံ ထန်တလန်တွင် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် ပန်ခွာတွင် ကုန်သွယ်ရေးစခန်းအသစ် ဖွင့်လှစ်ပေးရန် မြန်မာဘက်မှ တောင်းဆိုထားပါကြောင်း။
ထိုပြင် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းအပြင် လယ်ယာ၊ ရေထွက်၊ ဆေးဝါး၊ အထည်အလိပ် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ဆဋ္ဌမအကြိမ် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ကျင်းပရန်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်များ ကို အလေးထား ထည့်သွင်းစဉ်စားပြီး စေ့စပ်ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း။
ထိုကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ ပိုမိုတိုးတက်လာစေရေးအတွက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးများ၊ နယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးများနှင့် နယ်စပ်ဈေး ပူးတွဲကော်မတီ အစည်းအဝေးများကို ပုံမှန်ကျင်းပ၍ နယ်စပ်ကုန်သွယ်မှု တိုးတက် ရေးနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး တို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင်နှင့် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း တို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီး ဌာနတို့မှ ဒုတိယ၀န်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး သတ္တမနေ့ကို မေ ၃၁ ရက်တွင် ဆက်လက် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

 သူရဇော်၊ အေးအေးသန့်

No comments:

Post a Comment