Tuesday, May 30, 2017

လေးမျက်နှာမြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ် အဆင့်သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးကျင်းပ

လေးမျက်နှာ  မေ   ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးကို မေ ၃၀ ရက် နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးလှခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးစန်းငွေက စီမံကိန်းတတိယနှစ်စက်ဝန်း အတွေအကြုံနှင့် အားသာချက်၊ အားနည်းချက်များကိုသင်ခန်းစာယူ၍ စတုတ္ထနှစ် စက်ဝန်း လုပ်ငန်းများကိုအကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် လေးမျက်နှာမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးခေါင်းဆောင် ဦးမျိုးဆန်း က စီမံကိန်းတတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ စီမံကိန်းနှင့် ပတ်သက်သည့် ဆွေးနွေးမေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့သည်။
အခမ်းအနားတွင် တက်ရောက်သူများအားအဖွဲ့ခွဲ၍ မြို့နယ်အဆင့် အကြံပြုချက်နှင့် သုံးသပ်ချက်များကို ရယူခဲ့ပြီး တတိယနှစ်စက်ဝန်းအတွင်း လုပ်ငန်းဆောင်ရွက်မှုအား အကောင်းဆုံးကျေးရွာ (၃) ရွာ နှင့် ကျေးရွာအုပ်စု (၃) အုပ်စုတို့ကို ရွေးချယ်၍ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၃၇၀ ဖြင့် ကျေးရွာအုပ်စု ၄၃ အုပ်စုကျေးရွာပေါင်း ၂၈၁ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲများဖြစ်သည့် ကျေးလက်လမ်း ၊ကျေးလက် သောက်သုံးရေရရှိရေး၊  ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုးရေး ၊ ကျေးလက်မီးလင်းရေး နှင့် အခြားလုပ်ငန်းများစသည့် လုပ်ငန်းခွဲပေါင်း ၂၅၉ ခုကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခဲ့သည့်အပြင် ကျေးရွာလူထုများ စွမ်းဆောင်ရည်မြင့်မားမှု၊ စည်းလုံးညီညွတ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ၊ ၀င်ငွေ တိုးတက်ရရှိမှု ၊ ကျား/မ တန်းတူညီမျှမှု စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်နည်းပညာအကြံပေးခေါင်းဆောင် ဦးမျိုးဆန်းက ပြောကြားခဲ့သည်။

ဇော်မင်းထွန်း (လေးမျက်နှာမြို့နယ် ပြန်ဆက်)

No comments:

Post a Comment