Monday, May 1, 2017

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကြည့်ရှုစစ်ဆေး





နေပြည်တော် မေ ၁
 
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် ဧပြီ (၂၉) ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သို့ ရောက်ရှိ စစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် ဆေးဆိုး ပန်းရိုက်ထည်များ အခြေအနေနှင့် စက်ရုံအတွင်း ကုန်ထုတ် လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့အား PPP ပြုလုပ်မည့်  အခြေအနေတို့ကို လှည့်လည် ကြည့်ရှုသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့ရှိ ပြည်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများ အနေဖြင့် စစ်ဆေးရာတွင် အသုံးပြုသည့် အထောက်အကူ ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်စေရန် လေ့ကျင့် သင်ယူထားရန်လိုကြောင်း၊ စက်မှု လုပ်ငန်းများအား စစ်ဆေးသည့်အခါ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန်အတွက် အလေးထား စစ်ဆေးရန် လိုအပ်ကြောင်း မှာကြားသည်။  

ဆက်လက်၍ ညနေပိုင်းတွင် ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁) စက်မှု သင်တန်းကျောင်း (ဆင်တဲ) သို့ ရောက်ရှိပြီး အသစ်တည်ဆောက်ပြီး ဖြစ်သော(၃) ထပ်စာသင်ဆောင် Car Mechatronic Workshop တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် သင်ထောက်ကူ ပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်) သို့ ရောက်ရှိပြီး Machine Tool Shop, Assembly Shop, P.V.C Cable Manufacturing Shop တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။  

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ကြံခင်းမြို့ရှိ အမှတ် (၃၂) အကြီးစားစက်ရုံ (ကြံခင်း) ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး ကျောက်မိုင်းဌာနတွင် ထုံးကျောက်များ ထုတ်လုပ်လျက်ရှိသည့် အခြေအနေ၊ ထုတ်လုပ်ပြီး ထုံးကျောက်များ ကြိတ်ခွဲ နေသည့် အခြေအနေနှင့် ကုန်ကြမ်းကြိတ်ဌာနတို့အား လှည့်လည်ကြည့်ရှုသည်။   

ဆက်လက်၍ ပုသိမ် မှန်စက်ရုံသို့ ရောက်ရှိပြီး ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်ထားရှိမှု၊ စက်ရုံအသစ် တိုးချဲ့မည့် မြေနေရာ တို့အား ကြည့်ရှုစစ်ဆေးပြီး ကုန်သိုလှောင်ရုံများနှင့် ဆိပ်ခံဘောတံတားများအား လုပ်ငန်း တိုးချဲ့နိုင်ရန် အသင့်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment