Monday, May 1, 2017

ဘက်စုံပညာ ထူးချွန်လူငယ်များ ဂုဏ်ပြုကြိုဆိုပွဲနှင့် ဘက်စုံပညာ ထူးချွန်လူငယ် (အင်းလေး အပန်းဖြေစခန်း) ဖွင့်ပွဲကျင်းပ


ညောင်ရွှေ   မေ 
 
ဘက်စုံပညာထူးချွန် လူငယ်များအား ဂုဏ်ပြုကြိုပွဲနှင့် ဘက်စုံပညာထူးချွန်လူငယ် (အင်းလေး အပန်းဖြေစခန်း) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီက ညောင်ရွှေမြို့ အထကခေါင်တိုင် အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ဇော်မြင့်နှင့် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး (ခေါင်တိုင်လူရည်ချွန် စခန်းမှူး) ဦးမြင့်အောင်တို့က  အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့က  စခန်းဖွင့်ပွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက  အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အတွက် ပညာရည် ထူးချွန်၍ ကျန်းမာ သန်စွမ်းကာ စာရိတ္တကောင်းမွန်ပြီး မျိုးချစ်စိတ်ရှိသည့် အရည်အချင်း မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ ပြုစု ပျိုးထောင်ပေးရေးသည် ပညာရေး ၀န်ကြီးဌာန၏ လုပ်ငန်းစဉ် တစ်ရပ်လည်း ဖြစ်ပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးနှင့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွန်းလာစေ ရေးအတွက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများမှ ပညာရည်ထူးချွန် ထက်မြက်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တ ကောင်းမွန်သူများကို ဘက်စုံပညာ ထူးချွန်လူငယ်များ အဖြစ် သတ်မှတ်ရွေးချယ်၍ ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်ကို ၂၀၁၂-၂၀၁၃ ပညာသင် နှစ်မှ စ၍ ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ (၅)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဘက်စုံပညာထူးချွန်လူငယ်အဖြစ် အဋ္ဌမ တန်းကျောင်းသား ကျောင်းသူ ၁၇၆ ဦး၊ န၀မတန်းကျောင်းသား ကျောင်းသူ ၁၇၆ ဦးနှင့် ဒသမတန်းကျောင်းသား ကျောင်းသူ ၁၇၆ ဦး စုစုပေါင်း ၅၂၈ ဦးတို့ကို စိစစ်ရွေးချယ်၍ အဋ္ဌမတန်းကျောင်းသား ကျောင်းသူများကို ပုဂံအပန်းဖြေစခန်း၊ န၀မတန်းကျောင်းသား ကျောင်းသူများကို အင်းလေး အပန်းဖြေစခန်းနှင့် ဒသမတန်း ကျောင်းသား ကျောင်းသူကို ငွေဆောင် အပန်းဖြေ စခန်းများသို့ တစ်ပြိုင်တည်း လေ့လာရေး အပန်းဖြေစေလွှတ်နိုင်ခဲ့ပါကြောင်း၊

အဋ္ဌမတန်း၊ န၀တန်းနှင့် ဒသမတန်း  အတန်းတစ်တန်းစီအတွက်  အပန်းဖြေ စခန်းတစ်ခုစီ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြင့်  ထူးချွန်ကျောင်းသား တစ်ဦးသည် အဋ္ဌမ တန်းမှ စတင်ရွေးချယ်ခံရပြီး နှစ်စဉ် ဆက်လက်ရွေးချယ်ခံရပါက သုံးနှစ်အတွင်း အပန်း ဖြေစခန်း သုံးခုလုံး၌ အပန်းဖြေ လေ့လာခွင့်ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊

ယခုနှစ်တွင်  ဒသမတန်း၌ သုံးထပ်ကွမ်း ဘက်စုံပညာထူးချွန်လူငယ် ၅၆ ဦး၊  နှစ် ထပ်ကွမ်းဘက်စုံ ပညာထူးချွန်လူငယ် ၄၈ ဦးနှင့် န၀မတန်း၌  နှစ်ထပ်ကွမ်း ဘက်စုံပညာ ထူးချွန်လူငယ် ၇၉ ဦး ပေါ်ထွက်လာခဲ့သည့်အတွက် လွန်စွာ ၀မ်းမြောက် ဂုဏ်ယူမိ ပါကြောင်း၊ 

ယခုကဲ့သို့  ဘက်စုံပညာထူးချွန်လူငယ်များကို အပန်းဖြေစခန်းအသီးသီးသို့ စေလွှတ်ခြင်းဖြင့် စခန်းချ နေထိုင်စဉ်ကာလအတွင်း ပညာရေးဆိုင်ရာဟောပြောပွဲများ၊ စာပေဗဟုသုတ နှီးနှောဆွေးနွေးခြင်းများ၊ ပတ်ဝန်းကျင် ပြည်သူ့ဘ၀ လေ့လာရေးနှင့်  ဒေသ လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ လက်မှု ပညာများနှင့် ဒေသန္တရဆိုင်ရာ ဗဟုသုတများကိုလည်း လေ့လာ ဆည်းပူးခွင့်ရရှိစေမည် ဖြစ်ပါကြောင်း၊

ဘက်စုံပညာထူးချွန် လူငယ်မောင်မယ်များ အနေဖြင့် ဥာဏ်ပညာထူးချွန်ထက် မြက်ရုံသာမက စာရိတ္တကောင်းမွန်ပြီး မိမိကိုယ်ကို ယုံကြည်အားကိုသည့် စိတ်ဓာတ်၊ အများအကျိုးကို သယ်ပိုး ဆောင်ရွက်လိုသည့် စိတ်ဓာတ်ကောင်းများဖြင့် အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင်တတ်ခြင်း၊ ဦးဆောင်မှုပေးနိုင်ခြင်း၊ အမိန့်နာခံတတ်ခြင်း၊ အများနှင့် ပူးပေါင်းဆောင်ရွက်နေထိုင် တတ်ခြင်း စသည့် အလေ့အကျင့်ကောင်းများ ရရှိ အောင်လေ့ကျင့် မွေးမြူသွားရမှာဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့၏ အမျိုးသားယဉ်ကျေး မှု ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်ခိုင်မာပြီး အဖက်ဖက်က ယုံကြည်အားကိုးရသော နိုင်ငံ့အကျိုးပြု လူငယ်များ၊ ကျောင်းသား ကျောင်းသူများ၏ စံနမူနာပြ လူငယ်များအဖြစ်  ကြိုးစားသွားကြရန် ဆန္ဒပြု တိုက်တွန်းလိုပါကြောင်း၊

ဘက်စုံပညာ ထူးချွန်လူငယ်မောင်မယ်များကို အထူးတိုက်တွန်း မှာကြားလိုသည်မှာ  နိုင်ငံတော်နှင့်  ပြည်သူအားလုံးက  ယုံကြည် ကိုးစား မျှော်လင့်ထားကြသည့် ပညာ ရည်ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တ ကောင်းမွန်သော နိုင်ငံ့သားကောင်း သမီးကောင်းများဖြစ်လာအောင် မိမိကိုယ်ကို အစဉ်အမြဲ လေ့ကျင့် ပျိုးထောင်ခြင်းဖြင့် မိမိဘ၀နှင့် နိုင်ငံ့ အနာဂတ်အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်သူ နိုင်ငံ့သားကောင်း များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဘက်စုံပညာထူးချွန် လူငယ် ကျောင်းသားများ ကိုယ်စား ကျောင်းသား တစ်ဦးအား ရင်းထိုးတံဆိပ်ပေးအပ်ပြီး ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ဘက်စုံပညာ ထူးချွန်လူငယ် ကျောင်းသူ တစ်ဦးအား ရင်ထိုး တံဆိပ်ပေးအပ်သည်။ 

ထို့နောက် ၂၀၁၇ ခုနှစ် အင်းလေးခေါင်တိုင် ဘက်စုံပညာ ထူးချွန်လူငယ်အပန်း ဖြေစခန်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များကို ပေးအပ်ကာ အင်းလေးဒေသဘက်စုံ ပညာထူး ချွန်လူငယ် အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊
ဓာတ်ပုံ-ဇော်ဘီ

No comments:

Post a Comment