Tuesday, May 30, 2017

ဆိုင်ကလုန်းမုန်တိုင်းမိုရာအရှိန်ကြောင့် ပုဂံညောင်ဦးတွင် သစ်ပင်ကြီးများနှင့် ဓာတ်တိုင်များ ပြိုကျပျက်စီး

ညောင်ဦး မေ  ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် မေ ၃၀ ရက် နံနက် ၈ နာရီခွဲအချိန်က ဆိုင်ကလုန်းမုန်တိုင်းမိုရာအရှိန်ကြောင့် ညောင်ဦးမှ ပုဂံမြို့သစ်သို့သွားရာ အာနန္ဒာဘုရား တောင်ဘက်မုဒ်အနီးအနော် ရထာလမ်းမပေါ်သို့ အချင်း ၃ ပေပတ်လည်ခန့်၊ အမြင့် ၂၅ ပေခန့်ရှိသက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင် လဲကျမှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါ ကုက္ကိုပင်ကြီးလဲကျမှုကြောင့် လမ်းမီးတိုင်အမှတ် ၂၃၅ ဓာတ်အားလိုင်းတိုင်ပါ လဲကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ကုက္ကိုပင်ကြီးနှင့် လမ်းမီးတိုင်အမှတ် ၂၃၅ ဓာတ်အားလိုင်းတိုင် လဲကျခဲ့ပြီး  လမ်းပိတ်ဆို့မှုဖြစ်ပေါ်ရာနေရာသို့ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော် ဦးဆောင်၍ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်ငွေနှင့် တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှူး လှသိန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးဆန်းဝင်းနှင့် စည်ပင်ဝန်ထမ်းများပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၂)စီးနှင့် အတူဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး ချက်ချင်းသွားရောက် ရှင်းလင်းဆောင်ရွက်ပေးခဲ့ရာ ၉ နာရီ ၃၀ မိနစ် အချိန်တွင် ရှင်းလင်းပြီးစီးသွားခဲ့ကြောင်း သိရသည်။
ယခုအခါ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများယခင်အတိုင်းပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါ ဖြစ်ပွားမှုနှင့် ပက်သက်၍ လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ရဲဝင်းနိုင်(ညောင်ဦး) 

No comments:

Post a Comment