ပေါင်
မေ ၁၂
စိုက်ပျိုးရေးလုပ်ငန်းများတွင်
ဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲခြင်းထက် သဘာဝမြေသြဇာကို ပိုမိုသုံးစွဲခြင်းက
စိုက်ပျိုးစရိတ်သက်သာရုံသာမက မြေဆီလွှာပျက်စီးမှုလည်း မဖြစ်တော့ဘဲ ရရှိသောအသီးအနှံ များမှာလည်း
အဆီသြဇာဓာတ်ပြည့်စုံပြီး ဘေးထွက်ဆိုးကျိုးလွန်စွာ နည်းပါးကြောင်း ပေါင်မြို့နယ် စိုက်ပျိုးရေး
ဦးစီးဌာနမှ ကိုလှိုင်ဌေးက ပြောကြားခဲ့သည်။
"သဘာဝမြေသြဇာများ
ဖြစ်ကြတဲ့ နွားချေး၊ ကြက်ချေးစသည့် ကျေးလက်အမှိုက်သရိုက် ရတနာသိုက် ဆိုသည့်အတိုင်း ထည့်နိုင်ရင်တော့
အကောင်းဆုံးပေါ့၊ နွားချေး၊ ကြက်ချေးမှာက အပင်အတွက် လိုအပ်တဲ့ အာ ဟာရဓာတ်တွေ အချိုးညီမျှစွာ
ပါဝင်တယ်။ မြေဆီလွှာကိုလည်း ကောင်းမွန်စွာပြုပြင်ပေးနိုင်တယ် ဓာတ်မြေသြဇာ ကတော့ ချက်ချင်းတုံ့ပြန်မှုကောင်းတယ်။
မြေဆီလွှာကို ထိခိုက်ပျက်စီးနိုင်တယ်။ ရှေးယခင်အစဉ်အဆက် ကတည်းက မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေး
လုပ်ကိုင်ကြသော တောင်သူများမှာ သဘာဝမြေသြဇာ တစ်မျိုးတည်းကိုသာ အသုံးပြုစိုက်ပျိုးခဲ့ကြပါတယ်"ဟု
၎င်းကပြောသည်။
ယခုနောက်ပိုင်းတွင်
တောင်သူများမှာ လယ်ယာမြေသာရှိသော်လည်း ခိုင်းနွားများ ပြည့်စုံစွာ မရှိသည်က များပြီး
ဓာတ်မြေသြဇာ၊ ကွန်ပေါင်းဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများကလည်း အရည်အသွေး
ပြည့်မီမှု ရှိ/ မရှိ မသိသော်လည်း မိမိတို့ အနီးနား၌ အလွယ်တကူရရှိနေသဖြင့်
အဆိုပါပစ္စည်းများကိုသာ အဓိက အားထား အသုံးပြုကြောင်း သိရသည်။
ယခင်က
စပါးစိုက်လယ်တစ်ဧကတွင် နွားချေးလှည်း(၁၀)စီးမှ(၁၅)စီးထိ ထည့်ကြကာ တစ်နှစ်တည်း ထည့်ပါက
သုံးနှစ်ခန့် ကောင်းစွာ စိုက်ပျိုးနိုင်ပြီး မိမိတို့ပိုင် လယ်ယာမြေများကို တစ်နှစ်စီ
အလှည့်ကျထည့်လျက် ရှိကြောင်း၊ ထိုစဉ်က တောင်သူများမှာ စိုက်ပျိုးရေးနှင့်မွေးမြူးရေးကို
ယှဉ်တွဲ၍
လုပ်ကိုင်ကြသောကြောင့်
မွေးမြူးထားသော တိရစ္ဆာန်များအတွက် လိုအပ်သော အစာကို လယ်ယာလုပ်ငန်းမှ ထွက်ရှိသော ကောက်ရိုး၊
မြက်စသည်တို့ဖြင့် ဖူလုံစွာ ကျွေးမွေးနိုင်ပြီး တစ်ဖန်စိုက်ပျိုးရေးအတွက် လိုအပ်သော
မြေသြဇာကို မိမိတို့ မွေးမြူးထားသော တိရစ္ဆာန်များက
လုံလောက်စွာ ရရှိသောကြောင့် ကုန်ကျစရိတ်သက်သာစေသည့်အပြင် ရာသီဥတု ကောင်းမွန် ပါက စိုက်သမျှ၊
သီးသမျှ အကျိုးကို ကောင်းမွန်စွာ ခံစားရမည်ဟု လယ်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ဓာတုဗေဒပစ္စည်းများပါဝင်သော အဆိုပါပစ္စည်းများကို အသုံးပြုကြခြင်းကြောင့် စိုက်ပျိုးစရိတ်ကြီးမားပြီး
အကျိုးအမြတ်နည်းကာ မိမိတို့သားစဉ်မြေးဆက်လုပ်ကိုင်စားသောက်ကြရမည့် လယ်ယာမြေများလည်း
တစ်စ တစ်စ ပျက်စီးမှု များလာကြကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်သည်
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြကာ မွန်ပြည်နယ်တွင်လည်း စပါးစိုက်ဧက
အများဆုံးဖြစ်ပြီး ယခင်နှစ်တွင် စပါးစိုက်ဧက (၁၃၉၀၂၀)ဧက ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ
သတင်းရရှိသည်။
ကိုဟိန်း(ပေါင်)
No comments:
Post a Comment