Monday, May 15, 2017

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကျိုက်လတ်မြို့ ခေတ်မီဆန်စက်နှင့် စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်



ရန်ကုန် မေ ၁၅
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့ရှိ MAPCO Golden Lace ခေတ်မီဆန်စက်နှင့် စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများက ခေတ်မီ ဆန်စက်နှင့် စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီ တို့က MAPCO Golden Lace ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ  စက်ရုံအတွင်းရှိ ခေတ်မီဆန်စက်၊ သိုလှောင်ရုံများ၊ Siloများနှင့် စပါးခွံမှ လျှပ်စစ်ဓါတ်အား ၂ဒသမ၂ မဂ္ဂါဝပ် ထုတ်စက် တို့ကို လှည့်လည်ကြည့်ရှုရာ MAPCOမှ တာဝန်ရှိသူများက စပါးခွံမှ လျှပ်စစ် ထုတ်လုပ်ပုံကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတက လမ်းညွန်အမှာစကား ပြောကြားရာတွင် မြန်မာ့လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေး၊ အထူးသဖြင့် ဧရာဝတီ တိုင်းဒေသကြီး၏ လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်သည့် ခေတ်မီဆန်စက်ကြီးနှင့်အတူ စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံကိုပါ ပူးတွဲတည်ဆောက်ထားသော စက်ရုံရပ်ဝန်း တစ်ခုကို မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကုမ္ပဏီမှ ပုဂ္ဂလိက ကဏ္ဍအနေနှင့် ရင်းနှီးမြှုပ်နှံကာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူ ၀မ်းမြောက် မိပါကြောင်း။

မိမိတို့နေထိုင်သည့် ကမ္ဘာကြီးတွင် အစားအစာဖူလုံရေးသည် တစ်နှစ်ထက် တစ်နှစ် ပိုပြီး အရေးကြီးလာသည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီ ဖွံ့ဖြိုးအောင် ကြိုးပမ်းဖို့ကလည်း အရေးပါတဲ့ကိစ္စ တစ်ခုဖြစ်ပါကြောင်း၊ 

တောင်သူများနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်သည် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေး နည်းပညာများ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်သကဲ့သို့ သီးနှံပေါ်ချိန်တွင် တွက်ချေကိုက်ပြီး အကျိုးအမြတ် ပိုမိုရရှိနိုင်သည့် အာမခံဈေးကွက်နှင့် အာမခံဈေးနှုန်းကို ရရှိလာမည်ဖြစ်ပါကြောင်း၊ 

စက်မှုလယ်ယာ အငှားလိုက်ဝန်ဆောင်မှုများ၊ သီးနှံအရည်အသွေး ကောင်းမွန်ရေးအတွက် အဆင့်မြင့် သိုလှောင်ရုံနှင့် အခြောက်ခံစက်များ၊ တန်ဖိုးမြှင့်ထွက်ကုန်ဖြစ်စေရန်အတွက် ခေတ်မီ ကြိတ်ခွဲသန့်စက် ထုပ်ပိုး စက်များသည်လည်း မဖြစ်မနေထည့်သွင်း ဆောင်ရွက်သွားကြ ရမည့် လုပ်ငန်းစဉ်များ ပင်ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာ ထွက်ကုန်များအတွက် နိုင်ငံတကာ ဈေးကွက်ဝေစု ပိုမိုရရှိရန် အတွက်လည်း နိုင်ငံတော်အနေဖြင့် အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် တောင်သူလယ်သမားများ၏ စိုက်ရေးပျိုးရေးတွင် အထောက်အပံ့ ဖြစ်စေရန် စိုက်ပျိုးစရိတ် ချေးငွေတိုးမြှင့် ထုတ်ချေးနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း နိုင်ငံတကာမှ အတိုးနှုန်း သက်သာသည့် ချေးငွေများရယူပြီး  လယ်ယာကဏ္ဍအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည် ချေးငွေများပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း ။ 

သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီး ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများ ခံစားခဲ့ကြ ရသည့် တောင်သူများကိုလည်း ပျက်စီး သွားသည့် သီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်နှင့် တာတမံများနှင့် လမ်း တံတားများ ပြန်လည်ပြုပြင်နိုင်ရန် သဘာဝဘေးသီးသန့်ရန်ပုံငွေမှ ထောက်ပံ့ပေးလျက် ရှိပါကြောင်း။

ယခုကဲ့သို့ လျှပ်စစ်စွမ်းအင်ကို စွန့်ပစ်စပါးခွံလောင်စာ အသုံးပြုပြီး ရယူထုတ်လုပ်ခြင်းသည် ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်း ပေးရာရောက်သကဲ့သို့ စပါးခွံများစွန့်ပစ်၊ မီးရှို့မှုကြောင့်ဖြစ်ပေါ် လာသည့် ရေထု၊ လေထုညစ်ညမ်းမှုကို လျော့ကျစေသည့်အတွက် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်း ရာလည်း ရောက်စေပါကြောင်း။

ထို့ပြင် ဆန်စက်အတွက် အသုံးပြုပြီးပိုလျှံသည့် လျှပ်စစ်ဓာတ်အားကို အနီးပတ်ဝန်းကျင်ဒေသခံ ပြည်သူများအတွက်ပါ ဖြန့်ဖြူးပေးနိုင်သည့်အတွက် ပြည်သ လူထုအကျိုးစီးပွားကို တိုးမြှင့် ဖော်ဆောင် နိုင်မည်ဟု ယုံကြည်မိပါကြောင်း။

လယ်ယာကဏ္ဍကို မှီတည်လုပ်ကိုင်နေကြသည့် တောင်သူလယ်သမားများ၊ လယ်ယာထွက်ကုန်နှင့် ဆက်စပ်သည့် ကုန်သည်ပွဲစား လုပ်ငန်းရှင်များ၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး ကြိုးပမ်းနေသည့် ပုဂ္ဂလိက အသင်းအဖွဲ့များ အားလုံးအနေဖြင့် ဈေးကွက် ၀င်အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ပိုမို ထွက်ရှိအောင်၊ ပြည်ပပို့ကုန် တန်ဖိုးတိုးမြှင့်ရရှိအောင် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် သွားကြပါဟု တိုက်တွန်း ကြောင်း ပြောကြားသည်။

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ သန်းမြင့်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက် ဥက္ကဌ ဦးချစ်ခိုင်က ခေတ်မီဆန်စက်နှင့် စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးစက်ရုံ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်ပြီး ရှင်းလင်းတင်ပြကာ စပါးခွံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်းနှင့် စပ်လျဉ်းပြီး အိန္ဒိယနိုင်ငံ Lucky Export Co မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ထို့နောက် ဖွဲ့နုဆီစက် ထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းအတွက် အကျိုးတူပူးပေါင်းရန် Myanmar Agribusiness public Corporation Ltd မန်းနေဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်နှင့် Fukuoka Seiyu Co.,Ltd ဥက္ကဌ Katsuyasu Aoyagi တို့က MoU လတ်မှတ်ရေးထိုးပြီး အကျိုးတူကန်ထရိုက် လယ်ယာစနစ်အရ ဆောင်ရွက်မည့် မျိုးစပါး(၆၀၀)ဧကနှင့် အရည်အသွေးမြှင့် စပါး(၅၅၀၀)ဧက စိုက်ပျိုးရန် စိုက်ပျိုးစရိတ်၊ မျိုး၊ သွင်းအားစုနှင့် ရိတ်သိမ်းစရိတ်များအတွက် ငွေကျပ် (၁၂၂၅၅) သိန်းအား ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံနှင့် ဘိုကလေးမြို့နယ်များမှ ကျေးရွာ တောင်သူ (၁၈၅၀)ဦးထံ ကိုယ်စားလှယ်များမှ တဆင့် ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်သည်။

ဆက်လက်၍ ဒုတိယသမ္မတက ဆန်စက်ဖွင့်လှစ်ခြင်း အထိန်းအမှတ်အဖြစ်  အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဒေသခံတောင်သူများ ကိုယ်စား တောင်သူသုံးဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ ဖွင့်လှစ်သည့် ခေတ်မီတန် (၂၄၀) ဆန်စက်၊ တန် (၂၀၀) ပေါင်းဆန်စက်၊ တန် (၅၀၀) သိုလှောင်ရုံ (၄)လုံး၊ အခြောက်ခံစက်များနှင့် စပါးခွံမှ လျှပ်စစ်ဓါတ်အား ၂ ဒသမ ၂ မဂ္ဂါဝပ် ထုတ်စက် တို့သည် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပို ရေးရှင်းလီမီတက်၏ စီမံကိန်းပထမ အဆင့်ဖြစ်ပြီး  စီမံကိန်း ဒုတိယအဆင့် အနေဖြင့် ဖွဲနုဆီစက်၊ တိရိစ္ဆာန်အစားစာ စက်များ၊ ဆန်မှုန့်နှင့် ဆန်ခေါက်ဆွဲ၊ဆန်ကြာဇံ ထုတ်လုပ်ရေးစက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့နောက်  ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် ကျိုက်လတ်မြို့ရှိ ၂၃၀ကေဗွီ ကျိုက်လတ်ပင်မ ဓာတ်အားခွဲရုံသို့ သွားရောက်ရာ ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူက ဧရာဝတီ တိုင်းဒေသကြီး ကျိုက်လတ်မြို့တွင် တည်ဆောက်နေသည့် ၂၃၀ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန် ၀န်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ရန် လမ်းညွန်မှာကြားပြီး ကျိုက်လတ်ပင်မ ဓာတ်အားခွဲရုံးအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တာဝန်ရှိသူများသည် ကျိုက်လတ်မြို့မှ ဖျာပုံမြို့သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ပြီး ဖျာပုံမြို့ ဆိပ်ကမ်း သာဈေး မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုနှင့် ပန်းခြံအနီး ကမ်းပြိုမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုကို ကာကွယ်နိုင်ရန် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ဒုတိယသမ္မတက မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများအား မိုးမကျမီ အချိန်မီ ပြီးစီးနိုင်ရေးအတွက် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားသည်။ 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာနှစ်တွင် ဖျာပုံမြို့ ဆိပ်ကမ်း မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုအတွက် ကမ်းထိန်း လုပ်ငန်းများအတွက် အလျား ပေ ၁၆၀၊ကွန်ကရစ် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment