Monday, May 15, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ နိုင်ငံ/အစိုးရ အကြီးအကဲများ စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြား


ပေကျင်း မေ ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yanqi Lake International Conference Centre ၌ ယနေ့တွင် ကျင်းပသည့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် (Belt and Road Forum for International Cooperation) ၏ နိုင်ငံ/အစိုးရ အကြီးအကဲများ၏ စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။ 

အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် အိမ်ရှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၃၀) မှ နိုင်ငံ/ အစိုးရ အကြီးအကဲများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကမ္ဘာဘဏ်အဖွဲ့၏ ဥက္ကဌ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ အမှုဆောင် ညွှန်ကြားရေးမှူး တို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာရှီကျင့်ဖျင်က အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။

နံနက်ပိုင်းဆွေးနွေးပွဲတွင် ပိုမိုနီးကပ်သော မိတ်ဖက် ဖြစ်စေရေးအတွက် မူ ဝါဒ ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး (Policy synergy for closer partnership) ခေါင်းစဉ် ဖြင့်  လည်းကောင်း၊ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် ပိုမိုနီးကပ်သော ပြည်သူ့ အချင်းချင်း ဆက်ဆံမှု ရှိစေရေး (Closer people-to-people bond) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မွန်းလွဲပိုင်းဆွေးနွေးပွဲ တွင် အပြန်အလှန်ဆက်နွယ်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေး (Connectivity cooperation for interconnected developement) ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲများတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဆွေးနွေး မိန့်ခွန်းပြောကြားသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အပြန်အလှန် နားလည်မှု၊ လေးစားမှုကို အခြေခံသည့် ကောင်းမွန်သော ပြည်သူ့အချင်းချင်း ဆက်ဆံရေး ရှိမှုနှင့် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင် တစ်ရပ်ရှိမှုတို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံချက် အောင်မြင်မှုရှိစေရေး အတွက် အဓိက အခြေခံမူများ ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

ဆွေးနွေးပွဲ အပြီးတွင်၊ နိုင်ငံ/အစိုးရ အကြီးအကဲများ၏ စားပွဲဝိုင်း ဆွေးနွေးမှု ဆိုင်ရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ်အား ညနေပိုင်းတွင် ကျောက်ယူတိုင် နိုင်ငံတော်ဧည့် ဂေဟာ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ်၊ မြန်မာနိုင်ငံ၏ ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယ အစည်းအဝေး သို့ တက်ရောက်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အား ဖိတ်ကြား ထားကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး တို့လည်း အတူ တက်ရောက်လျက်ရှိသည်။

 (သတင်းစဉ်)

No comments:

Post a Comment