Monday, May 15, 2017

မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ စုစုပေါင်း ၄ဝဝ ကျော် တက်ရောက်

ရန်ကုန် မေ ၁၄
မြန်မာ့နိုင်ငံရေးလောကသားများ၊ နိုင်ငံရေးစိတ်ဝင်စားသူများ အများအပြားပါဝင်သော မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ တစ်ရပ် ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပတ်(စ်)ရွိုင်ရယ်ဟိုတယ်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးနေဘုန်းလတ်တို့က လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အပြောင်းအလဲတို့နှင့် စပ်လျဉ်း၍ အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ဦးရဲထွဋ်က လွှတ်တော်တွင် တပ်မတော်အခန်းကဏ္ဍပါဝင် ပတ်သက်နေရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ရှိအစိုးရသည် လူထုယုံကြည်ထောက်ခံမှု ရရှိခဲ့ပြီး ပြည်သူများက အစိုးရထံမှ မျှော်လင့်ချက် များစွာထားရှိခဲ့ကြောင်း၊ လာမည့်သုံးနှစ် ကျော်ကာလအတွင်း လက်ရှိအစိုးရအနေဖြင့် ပြည်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင် လိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ ပထမအရေးကြီးဆုံး အချက်သည် စီးပွားရေးကောင်းမွန်ရန် ဖြစ်ကြောင်း၊ ဒုတိယ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းတွင် သဟဇာတဖြစ်သော လူ့အသိုက်အဝန်း တည်ဆောက်ရန်လည်း အရေးကြီးကြောင်း၊ ယင်းအချက်သုံးချက်ကို ဆောင်ရွက်နိုင်မည်ဆိုလျှင် ၂ဝ၂ဝ ပြည့်နှစ်တွင် ပိုမိုကောင်းမွန်သော မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို တွေ့မြင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။
အလားတူ ဦးနေဘုန်းလတ်ကလည်း လက်ရှိအစိုးရအနေဖြင့် Evolution တဖြည်းဖြည်း ပြောင်းလဲမှုဖြစ်စဉ် အတိုင်း ပြောင်းလဲနေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ပြောင်းလဲမှု ဖြစ်စဉ်တွင် စိတ်ရှည်သည်းခံကြရန်လည်း လိုအပ်ပါ ကြောင်း၊ အာဏာသုံးရပ်တွင် လွှတ်တော်သည် လွှတ်တော်အလုပ်ကို လုပ်ရပါကြောင်း၊ YBS ကိစ္စလွှတ်တော်တွင် ဆွေးနွေးခြင်းသည် လွှတ်တော်က အစိုးရကို တိုက်ခိုက်နေခြင်းမဟုတ်ပါ ကြောင်း စသည်ဖြင့် ပြောကြားသည်။
တစ်ဖန် ဦးကိုကိုကြီးကလည်း ဝင်ငွေတိုးတက်လာခြင်းမရှိဘဲ ကုန်ဈေးနှုန်းတက်နေခြင်းသည် ပြဿနာဖြစ်လာ နိုင်ကြောင်း၊ လူမှုစီးပွားရေး ပြောင်းလဲရေးအတွက် မှန်ကန်တိကျသော စီးပွားရေးကိန်းဂဏန်းများ ကောက်ယူသင့် ကြောင်း၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးသင့်ကြောင်း၊ နိုင်ငံရေး စကားလုံးများဖြင့် ငြင်းခုံနေခြင်းထက် အောက်ခြေလူတန်းစား စီးပွားရေး အဆင်ပြေအောင် ဆောင်ရွက်သင့် ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ အခမ်းအနားသို့ နိုင်ငံရေး စိတ်ဝင်စားသူများအပြင် မီဒီယာအသီးသီးမှ တာဝန်ခံများ၊ သတင်းထောက် များအပါအဝင် စုစုပေါင်း ၄ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း-မြင့်မောင်စိုး

ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment