Tuesday, May 30, 2017

သဘာဝဘေးအန္တရာယ်ဆိုင်ရာစစ်တမ်း (၂၀၁၆)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် မေ ၃၀
သဘာဝဘေးအန္တရာယ်ဆိုင်ရာစစ်တမ်း (၂၀၁၆)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း (၂၀၁၆)တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စေနိုင်သည့် အကြောင်းရင်းများနှင့် ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ထားပါကြောင်း၊ မိမိတို့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာနိုင်စေ သည့် အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းမှအစ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီး ဖွံ့ဖြိုးရေးကို ဦးတည်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအထိ ဖြစ်စဉ်အစအဆုံး အတွက် တာဝန်ရှိပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့မှု အ‌ခြေအနေ များကို ကြည့်မည်ဆိုပါက သစ်တောစိုက်ခင်းများ ပြန်လည်ထူထောင်ပေးရန်၊ နေအိမ်ပြောင်းရွှေ့ မြေနေရာများစီစဉ်ပေးရန်၊ ရေထိန်း၊ ရေကာတာတည်ဆောက်ပေးရန်၊ တံတားတည်ဆောက်ပေးရန်၊ မြစ်၊ ချောင်းများ ရေစီးရေလာကောင်းမွန်စေရေး သဲသောင်တူးပေးရန်၊ ရေနုတ်မြောင်း ဖောက်လုပ် ပေးရန်၊ တာတမံမြှင့်ပေးရန်နှင့် တာလမ်းများ ဖောက်လုပ်ပေးရန်၊ Shelter (သို့မဟုတ်) စာသင် ကျောင်းများ တည်ဆောက်ပေးရန်၊ မြေထိန်းနံရံများတည်ဆောက်ရန်၊ ကျေးရွာချင်းဆက်တံတား များ၊ လမ်းများပြုပြင်တည် ဆောက်ပေးရန်၊ သောက်သုံးရေရှားပါးမှုကို ဖြေရှင်းပေးရန်၊ စိစစ်၍ အသိပညာများပေးရန် စသည်ဖြင့် ရေနှင့်ဆက်စပ်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ကို ဖော်ထုတ် ဆန်းစစ် တွေ့ရှိရပါကြောင်း။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေး၊ ဘေးဒဏ်ခုခံနိုင်စွမ်းရှိသည့် ရပ်ရွာဖြစ်စေရေးတို့အတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးတည်သည့် လုပ်ငန်းများလည်းဖြစ်ပါကြောင်း၊ သို့သော်လည်း တပြိုင်နက်တည်း ဆောင်ရွက်ပေးရန် အခက်အခဲရှိသည့်အတွက် ချက်ချင်း ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ကာလ သတ်မှတ် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ စသည်ဖြင့် ဦးစားပေးအလိုက် အဆင့်သတ်မှတ် ရွေးချယ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား ရေတို၊ ရေရှည် ဆောင်ရွက်ပေးနိုင်ရန်အတွက် ၀န်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နှစ်စဉ်လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း။
သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဆက်စပ်သည့်လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားခြင်းအားဖြင့် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်သည့်၊ သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းမြင့်မားသည့် လူမှုအဖွဲ့အစည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခု သဘာဝဘေး အန္တရာယ်ဆိုင်ရာ စစ်တမ်း(၂၀၁၆)နှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီ များအနေဖြင့် ၀ိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီနှင့် လုံခြုံရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်း စစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက သဘာဝဘေး အန္တရာယ်ဆိုင်ရာစစ်တမ်း(၂၀၁၆)နှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးသည့် လုပ်ငန်းများ၊ ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ဆောင်ရွက်ရန်လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 (သတင်းစဉ်)

No comments:

Post a Comment