Monday, May 8, 2017

ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်း (ထားဝယ်-မလွှဲတောင်အပိုင်း) ကတ္တရာ ကွန်ကရစ်လမ်း ဖွင့်ပွဲ ကျင်းပ


နေပြည်တော် မေ 

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်း (ထားဝယ်-မလွှဲတောင်အပိုင်း) ကတ္တရာ ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနာကို ယနေ့ နံနက်(၉)နာရီတွင် အဆိုပါ လမ်းရှိ မုခ်ဦး၌ ကျင်းပသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်- မော်လမြိုင်- ထားဝယ်- မြိတ်လမ်း (ထားဝယ်-မလွှဲတောင်အပိုင်း) သည် စုစုပေါင်း အရှည် ၁၃၃ကီလိုမီတာရှိပြီး ယနေ့ ဖွင့်လှစ်သည့် ကတ္တရာကွန်ကရစ် လမ်းသည် အရှည် ၁၂ ကီလိုမီတာရှိပါကြောင်း၊ ကျန်ရှိသည့် လမ်းအပိုင်းကိုလည်း ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုလမ်းသည် မြန်မာနိုင်ငံ၏ တောင် - မြောက် သွယ်တန်းနေသည့် ပြည်ထောင်စု လမ်းမကြီး တစ်နည်း အားဖြင့် နိုင်ငံတကာဆက်သွယ်သည့်  အာဆီယံ လမ်းမကြီးလည်းဖြစ်ပါကြောင်း၊ အာဆီယံ Highways Class-II Standard နှင့်အညီ ၂၄ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊  နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ပေးခဲ့သည့်လမ်း၊ တံတားများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဒေသခံပြည်သူများ အနေဖြင့် မိမိပိုင်လမ်းကဲ့သို့ သဘောထားပြီး ရေရှည် အသုံးပြုနိုင်အောင် ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးစေလိုပါကြောင်း  ပြောကြားသည်။
ထို့နောက် တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ရန်ကုန်-မော်လမြိုင်-ထားဝယ် - မြိတ်လမ်း (ထားဝယ် - မလွှဲတောင်အပိုင်း) ကတ္တရာကွန်ကရစ် လမ်းဖွင့်လှစ်ပေးသည့် ကိစ္စနှင့် အခြားလမ်း၊ တံတားများ တိုးတက်ဖွံ့ဖြိုးလာခြင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးမှ ကတ္တရာ ကွန်ကရစ်လမ်း ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန် - မော်လမြိုင် - ထားဝယ် - မြိတ်လမ်း (ထားဝယ် - မလွှဲတောင်အပိုင်း) ကတ္တရာ ကွန်ကရစ် လမ်းအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ၀န်ကြီးချုပ် ၊ လွှတ်တော်ဥက္ကဌနှင့် တက်ရောက် လာသည့် ဧည့်သည်တော် များသည် ဒေသခံ ပြည်သူများနှင့်အတူ ကတ္တရာ ကွန်ကရစ် လမ်းပေါ်မှ ဖြတ်သန်း ကြည့်ရှုကြသည်။  

ဆက်လက်၍ ထားဝယ်မြို့ ၊ ဆောက်လုပ်ရေး ရိပ်သာတွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံပြီး တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေး၊ စံချိန်စံညွှန်း ပြည်မီသော အဆောက်အဦ ၊ လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာများ ဆောင်ရွက်မည့် ကိစ္စရပ်များ ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ထားဝယ် - မလွှဲတောင် လမ်းအပိုင်းတွင် တံတားဦးစီး ဌာန ၊ တံတားအထူးအဖွဲ့ (၁၄) မှ တည်ဆောက်နေသော တံတားအမှတ် (၃/၆) တည်ဆောက်နေမှု အခြေအနေကို လည်းကောင်း ၊ အဆောက်အဦ ဦးစီးဌာန ၊ အဆောက်အဦ အထူးအဖွဲ့(၂) မှ တည်ဆောက်နေသော  ထားဝယ်ပြည်သူ့ ဆေးရုံ RC (၅) ထပ်အဆောက်အဦး တည်ဆောက်နေမှု အခြေအနေကို လည်းကောင်း ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်ပြီးစီးသော ဆန်းချီ ၀န်ထမ်းအိမ်ရာ (၆)ခန်း တွဲ (၂)ထပ် (၁၉)လုံးနှင့် (၁၂)ခန်းတွဲ (၁)ထပ် (၅) လုံး တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီးခဲ့ကြောင်း သတင်းရရှိသည်။ 

 (သတင်းစဉ်) 

No comments:

Post a Comment