Monday, May 8, 2017

ရခိုင်ပြည်နယ် အတွင်း ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး ရွှေကျား ရခိုင် ရက္ကန်းထည် လုပ်ငန်း အလုပ်ရုံ ဖွင့်လှစ်

ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရက မတည်ငွေနှင့် ဒေသတွင်း ပြန်လည် နေရာချ ထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီ၏ ဦးဆောင်မှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုတို့ဖြင့် ဒေသခံ အိမ်တွင်း လက်မှုလုပ်ငန်း ဖြစ်သည့် ရွှေကျား ရခိုင် ရက္ကန်းထည် လုပ်ငန်းအား အလုပ်ရုံ အဆင့်သို့ ယနေ့ တိုးမြှင့် ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

အဆိုပါ ရွှေကျား ရခိုင် ရက္ကန်းထည် လုပ်ငန်း အလုပ်ရုံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အလုပ်ရုံတည်ရှိရာ စစ်တွေမြို့၊ ကျားမသောက် ကျေးရွာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက် ဖွင့်လှစ်ပေးသည်။    ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရသစ် တာဝန် ယူခဲ့သည်မှာ တစ်နှစ်ကာလ ရှိခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အားလုံး အချိုးညီစွာ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်လျက် ရှိရာ ဖွံ့ဖြိုးမှု နည်းသော ပြည်နယ် တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး၏ အခြေခံသည် တည်ငြိမ် အေးချမ်းရေး ဖြစ်ပြီး မိမိတို့ အနေဖြင့် တည်ငြိမ် အေးချမ်းရေးကို ဖော်ဆောင်ခြင်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ယှဉ်တွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခု ဖွင့်လှစ်သည့် ရက္ကန်းထည် လုပ်ငန်းသည် ရခိုင်ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ပြသခြင်းပင် ဖြစ်ပါကြောင်း၊ ယခုရိုးရာ ရက္ကန်းစင် (၁၀၀) ထူထောင် နိုင်ခြင်းကြောင့် ရခိုင်ဒေသခံ လူငယ် (၁၀၀)ခန့် အလုပ်အကိုင် ရရှိမည် ဖြစ်၍ ဒေသအတွက် များစွာ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ပိုမို လုပ်ကိုင်လာနိုင်ရန် ကြိုးစားကြစေ လိုကြောင်း၊ အစိုးရ နေဖြင့်လည်း ကူညီပံ့ပိုး ဆောင်ရွက် ပေးလိုကြောင်း ပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရက္ကန်းထည် လုပ်ငန်း အလုပ်ရုံပိုင်ရှင်တို့မှ ကျေးဇူးတင်စကား ပြောကြားကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် လုပ်ငန်းရှင်တို့သည် အလုပ်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အလုပ်ရုံအတွင်း လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ မင်းကန် ချောင်းနွယ် ကျေးရွာသို့ သွားရောက်၍ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်များ ဖြစ်သည့် လမ်း၊ တံတားများ ကောင်းမွန်ရေး၊ သာမန် အချိန်တွင် စာသင်ကျောင်းအဖြစ် အသုံးပြုပြီး သဘာဝဘေး ကျရောက်ချိန်တွင် ခိုလှုံရာ အဆောက်အဦး အဖြစ် အသုံးပြုနိုင်မည့် ဘက်စုံသုံး အဆောက်အဦ ဆောက်လုပ် နိုင်ရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေး အတွက် ဘေးကျရောက်ပါက အရေးပေါ် အသုံးပြုရန် လိုအပ်သော ပစ္စည်းများ ဖြည့်ဆည်း ပေးရေး ကိစ္စရပ်များ ကိုဆွေးနွေး စီမံ ဆောင်ရွက်ပေးပြီး ကျေးရွာရှိ ကလေးများအား စားစရာနှင့် ကစားစရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment