Sunday, May 7, 2017

နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးပွဲဖြင့် အဖြေရှာနိုင်ရေး ဆက်လက်ဆွေးနွေးညှိနှိုင်းမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ငြိမ်းချမ်းရေးကော်မရှင် (Peace Commission)
သတင်းထုတ်ပြန်ချက်
၁၃၇၉ ခုနှစ်၊ ကဆုန်လဆန်း (၁၁)ရက် (၂ဝ၁၇ ခုနှစ်၊ မေလ (၆)ရက်)
၁။ ငြိမ်းချမ်းရေးကော်မရှင်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိပါသည်။

၂။ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ (DPN) (KIO, SSPP, KNPP, NMSP, ANC, LDU, WNO)နှင့် တွေ့ဆုံကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရေး၊ ၂ဝ၁၇ ခုနှစ်၊ မေလ(၂၄)ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်း အဝေးသို့ တက်ရောက်နိုင်ရေးအတွက် ဦးတည်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
၃။ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် DPN မှ အဆိုပြုထားသော အချက်(၉)ချက်နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေး နေစဉ်ကာလအတွင်း နှစ်ဖက်အကြား အပြန်အလှန်ကတိကဝတ်ပြုချက် (Deed of Commit- ment-DoC) ရေးထိုးနိုင် ရေးကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၎။ ထို့အပြင် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြင့် အဖြေရှာနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်ရေး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးနိုင်ရေးတို့အတွက် လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ဆွေးနွေးညှိနှိုင်းရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့်အပြင် ထိုသို့ဆွေးနွေးရာတွင် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment