Thursday, May 4, 2017

မင်းဘူး(စကု)မြို့နယ် ရေပေါ်လေးကျေးရွာ "အောင်ရတနာ"စာကြည့်တိုက်ဖွင့်ပွဲကျင်းပ


မင်းဘူး         မေ       ၎
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ရွာသာယာတိုက်နယ် ရေပေါ်လေးကျေးရွာ "အောင်ရတနာ"စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို  မေလ ၄ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ စာကြည့်တိုက်ရှေ့၌ ဖွင့်လှစ်ရာ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ မင်းဘူးခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးသန်းဌေး၊ Save The Childern အဖွဲ့မှ ပညာရေးတာဝန်ခံ ဦးသန်းထွဋ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးနေမျိုးကျော်က အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်ဖွင့်လှစ်နိုင်ခြင်းကြောင့် ကျေးရွာအတွက် အလင်းတံခါးများ ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာရှိ ကလေးသူငယ်၊ လူငယ်များ အား စာကြည့်တိုက်တို့စေလွှတ်စာဖတ်ခိုင်းခြင်းအားဖြင့် ကျေးရွာအတွက် အနာဂါတ်ခေါင်းဆောင် ကောင်းများမွေးဖွားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးသန်းဌေး နှင့် Save The Children အဖွဲ့မှ ပညာရေးတာဝန်ခံ ဦးသန်းထွဋ်တို့မှ စာကြည့်တိုက်များ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မင်းဘူးခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးသန်းဌေးမှ စာကြည့်တိုက်အတွက် စာအုပ် စာစောင်းများကိုလှူဒါန်းရာ ကျေးရွာစာကြည့်တိုက်အဖွဲ့ဝင်တစ်ဦးမှ လက်ခံရယူပြီး  စာကြည့်တိုက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးသည် အောင်ရတနာစာကြည့်တိုက် ကော်မတီဝင်များ၊ ရွာသာယာတိုက်နယ် အုပ်ချုပ်ရေးမှူးများ နှင့် တွေ့ဆုံပြီး ကျေးရွာစာကြည့်တိုက်များ ရှေရှည်တည်တံခိုင်မာရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်ကို Save The Children အဖွဲ့မှ ပရှိဘောဂနှင့်စာအုပ်စာစောင်ထောက်ပံ့ငွေ သုံးသိန်း၊ ကျေးရွာပြည်သူနှင့် အလှူရှင်များမှ ထည့်ဝင်ငွေ ကျပ်သိန်းသုံးဆယ်ခန့်တို့ဖြင့် တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စာကြည့်တိုက်ကို ရက်သတ္တပတ်တစ်ပတ်လျင်(၃)ရက်( ကြာသာပတေး၊ သောကြာ၊ စနေ) ညနေ(၃)နာရီမှ (၅)နာရီထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖိုးပြည့်

No comments:

Post a Comment