Friday, May 5, 2017

အီတလီလွှတ်တော်၌ ကျင်းပသည့် နိုင်ငံတကာ လွှတ်တော်အမတ်များ ညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား




ရောမ မေ ၎
အီတလီနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗာတီကန် နန်းတော်၌ ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံမှု အပြီးတွင် မြန်မာနိုင်ငံနှင့် ဗာတီကန်မြို့ပြနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ကြေညာချက်ကို ထုတ်ပြန် သည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗာတီကန်မြို့ပြနိုင်ငံ အစိုးရအဖွဲ့ အတွင်းရေးမှူး ဘုန်းတော်ကြီး Pietro Parolin တို့သည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားပြီး မြန်မာ နိုင်ငံနှင့် ဗာတီကန်မြို့ပြနိုင်ငံတို့အကြား သံတမန်တည်ထောင်နိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန်နံနက် ၁၁ နာရီခွဲတွင် ရောမမြို့ ရှိ မြန်မာသံရုံး၌ သံအမတ်ကြီးနှင့်ဇနီး၊ မြန်မာသံရုံး ဝန်ထမ်းများ၊ ပညာတော်သင်များနှင့် အီတလီ နိုင်ငံရောက် မြန်မာနိုင်ငံသား များအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ သံအမတ်ကြီး၊ သံရုံး ဝန်ထမ်းများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲ ၂ နာရီတွင် အီတလီ လွှတ်တော်၌ Migration and Gender Equality ခေါင်းစဉ်ဖြင့်ကျင်းပသည့် နိုင်ငံတကာလွှတ်တော်အမတ်များညီလာခံသို့ အထူးဖိတ်ကြားထားသူအဖြစ် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ-အီတလီ ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ Vincenzo Scotti နှင့်အဖွဲ့အား မေ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ရောမမြို့ရှိ ခေတ္တတည်းခိုသည့် Boscolo Hotel ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အီတလီနိုင်ငံခြားရေး ဝန်ကြီး Mr. Angelino Alfano နှင့် မေ ၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ရောမမြို့ရှိ အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အီတလီ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး အတွက် ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှုများနှင့် အီတလီ နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များအပေါ် ဆက်လက်ထောက်ခံသွားမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီး ဦးကျော်တင်၊ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


No comments:

Post a Comment