Sunday, May 14, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတ၊ သီရိလင်္ကာ၊ ပိုလန်နှင့် မွန်ဂိုလီးယားနိုင်ငံ ၀န်ကြီးချုပ်တို့ သီးခြားစီ တွေ့ဆုံဆွေးနွေး

ပေကျင်း  မေ ၁၄
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတ၊ သီရိလင်္ကာနိုင်ငံ ၀န်ကြီးချုပ်၊ ပိုလန်နိုင်ငံ ၀န်ကြီးချုပ်နှင့် မွန်ဂိုလီးယားနိုင်ငံ ၀န်ကြီး ချုပ်တို့သည် ယနေ့တွင် ပေကျင်းမြို့၌ သီးခြားစီတွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတ H.E. Mrs. Doris Leuthard တို့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် Intercontinental Hotel ၌ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သီရိလင်္ကာနိုင်ငံ ၀န်ကြီးချုပ် H.E.Mr. Ranil Wickremesinghe တို့သည် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် အဆိုပါဟိုတယ်၌ ဆက်လက်တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကဏ္ဍ တိုးမြှင့် ဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပိုလန်နိုင်ငံဝန်ကြီးချုပ် H.E. Ms.Beata Szydlo တို့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင် ပေကျင်းမြို့ရှိ ကျောက်ယုထိုင်နိုင်ငံတော် ဧည့်ဂေဟာ၌လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ဂိုလီယားနိုင်ငံဝန်ကြီးချုပ် H.E.Mr. Erdenebat Jargaltulga တို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် အဆိုပါဧည့်ဂေဟာ၌လည်းကောင်း သီးခြားစီတွေ့ဆုံကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကဏ္ဍ တိုးမြှင့် ဖော်ဆောင်ရေး၊ စီးပွားရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုး တက်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်း နှီးစွာဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment