Monday, May 8, 2017

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော သေးဆူလဲကျေးရွာ ကျောက်ချောလမ်းသစ် ဖွင့်လှစ်

ဒီးမော့ဆို     မေ     
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း  ဒုတိယနှစ်စီမံကိန်းစက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအုပ်စု သေးဆူလဲကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာကျောက်ချောလမ်းသစ်ဖွင့်ပွဲကို မေ ၈ ရက် နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းက အမှာစကားပြောကာ ပါဝင်လှူဒါန်းကြသော အလှူရှင်များအား တာဝန်ရှိသူများ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ သေးဆူလဲကျေးရွာ သင်းအုပ်ဆရာတော် ဦးတင်ထွဋ်အုန်း ကျေးဇူးတင်စကားပြောကြားရာ မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေပြည်သူများအတွက် အလွယ်တကူ သွားလာနိုင်ပြီး အဆိုပါလမ်းကို အသုံးပြုကာ လယ်ယာထွက်ကုန် သီးနှံများ အဆင်ပြေစွာ သယ်ယူနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်နော်ချောစု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေနွယ်နီအောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘော်ရယ် တို့က ကျေးရွာကျောက်ချောလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ကျေးရွာခန်းမဆောင်တွင် လူထုစစ်ဆေးပွဲကို ကျင်းပရာ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီအဖွဲ့များက မိမိတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအလိုက် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါကျောက်ချောလမ်းသည် လမ်းအရှည်  ၂၁၈၆ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မ ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေကျပ် ၁၂၈၄၁၀၀၀ ၊ ကျေးရွာထည့်ဝင်ငွေကျပ် ၂၂၈၁၅၅၀ စုစုပေါင်းငွေကျပ် ၁၅၁၂၂၅၅၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


မြို့နယ် ပြန်/ဆက်

No comments:

Post a Comment