Monday, May 8, 2017

ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

ရွှေဘို  မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၈ ရက် နံနက်(၁၀း၃၀)နာရီအချိန်က အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ အကူအညီလိုအပ်သူများအတွက် လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ၊ နာမကျန်းဖြစ်မှုများနှင့် သဘာဝဘေးအန္တရာယ်များတွင် တွေ့ကြုံခံစားနေရသည့် ပြည်သူလူထုအတွက် ရှေးဦးပြုစုခြင်း ပညာရပ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးက သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သရဖီဝင်းမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးမြင့်ကျော်မှ ကြက်ခြေနီသမိုင်း ကြောင်းနှင့် လူမှုဂရုဏာလုပ်ငန်းများအဖြစ် ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ခြင်း၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ လူပျောက်ရှာဖွေရေးနှင့် မိသားစုပြန်လည်ဆယ်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိခင်နှင့်မွေးကင်းစ၊ ငါးနှစ်အောက်ကလေးများကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက် ခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများကျင်းပခြင်း၊ သွေးသန့်နှင့်သွေးအလှူရှင်စုဆောင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရှေးဦးပြုစုခြင်းအတတ်ပညာကို မိတ်ဖက်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော လူမှုဂရုဏာ ဆိုင်ရာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများမှလည်း အသိအမှတ်ပြုလာကြကြောင်း  ပြောကြားခဲ့သည်။
အဆိုပါရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်သို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းတွင် သင်တန်းသား/သူ (၁၀၀)ဦးရှိပြီး သင်တန်းကာလမှာ (၅)ရက်ဖြစ်ကြောင်းသိရသည်။

မျိုးမင်း(သာစည်)

No comments:

Post a Comment