ရန်ကုန်
မေ ၎
ပြည်ထောင်စုအဆင့်
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၏ (၁ဝ)ကြိမ်
မြောက်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်
သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရန်ကုန် ရုံး၌ ဆက်လက်ကျင်းပသည်။
ယနေ့ပြုလုပ်သည့်
အစည်းအဝေးတွင် တပ်မတော်ဘက်မှ ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းရေးကိစ္စ၊ JMC-L ရုံးများ
ဇွန်လအတွင်းစတင်ဖွဲ့စည်းနိုင်ရေးကိစ္စ၊ JMC-S ရုံးများတွင် ဝန်ထမ်းများထပ်မံခန့်ထားနိုင်ရေးနှင့်
နယ်ခြားစောင့်တပ်(BGF)အပါအဝင် ပြည်သူ့စစ်များ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ လိုက်နာနိုင်ရေးတို့ကို
ဆွေးနွေးသည်။
JMC-U
အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ''ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-L) ဖွဲ့စည်းဖို့ကို ရှမ်း၊ ကရင်နဲ့ ပဲခူးသုံးနေရာမှာ
ဇွန်လမကုန်ခင် အရင်ဆုံး လုပ်မယ်။ ဒါပေမယ့် ဒါကိုပြည်နယ်အဆင့် JMC-S ကနေ လုပ်ရမှာဖြစ်တယ်။
ကျွန်တော်တို့ကတော့ ရှမ်းပြည်နယ်မှာ လင်းခေး၊ ကရင်ပြည်နယ်မှာ ဖာပွန်၊ ပဲခူးမှာတော့
မောဂလိမှာလုပ်ဖို့ ယာယီအကြံပြုတယ်။ ဒါပေမယ့် JMC-S ကနေ အစည်းအဝေးလုပ်တဲ့အချိန်မှာမှ
ဆုံးဖြတ် မှာပါ''ဟု ပြောသည်။
ဒေသန္တရအဆင့်
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-L)ကို ဇွန်လမတိုင်မီ
ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းနိုင်ရေးဆွေးနွေးခဲ့ပြီး
ဖွဲ့စည်းမည့်နေရာများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S က ဆုံးဖြတ်ရမည်ဖြစ်သည်။
ယနေ့ဆွေးနွေးပွဲတွင်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို တက်ရောက်နိုင်သည့် အဖွဲ့အစည်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ပြီး
လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)စာချုပ်လက်မှတ်ရေးထိုးရန်
ဖိတ်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုသာ အစိုးရအနေဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း
သိရသည်။
''ခွဲထွက်အဖွဲ့တွေက
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို တက်ခွင့်ရဖို့ပြောတာတွေကို ရှင်းလင်းတယ်။
အခုထိ NCA ကိုလက်မှတ်ထိုးဖို့ ဖိတ်ကြားထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကိုပဲ
လက်ခံသေးတယ်။ အဲဒီအဖွဲ့အစည်းတွေကနေ ထပ်ပြီးခွဲထွက်လာတဲ့ အဖွဲ့တွေကိုတော့ UPC ကို တက်ရောက်ဖို့
အစိုးရလက်မခံသေးဘူးဆိုတဲ့သဘော ဖြစ်သွားတာပေါ့''ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။
ဆွေးနွေးပွဲတွင်
တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေး ကိစ္စကို ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး သဘောတူညီချက်
ရရှိပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ပူးတွဲဆောင်ရွက်မည်ဖြစ်ကြောင်း
သိရသည်။
JMC-U
အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင် က ''တပ်မတော်ရဲ့သဘောထားကတော့ မိုင်းတွေကို
တပ်မတော်ကပဲဦးဆောင်ပြီး ပြန်ပြီးတော့ ရှင်းလင်း ပေးသွားမယ်။ အဲဒါမှမဟုတ်ရင် ပြည်ပကနေပြီး
မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးချင်တယ်ဆိုရင် နည်းပညာထောက်ပံ့ပေးမယ့်
ပစ္စည်းဆိုရင် လက်ခံ သွားပါမယ်။ ရှင်းလင်းတာကတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့
ပူးပေါင်းပြီး ရှင်းလင်းသွားဖို့ ဒီသဘောထားလေးကို KNU ဘက်မှာ ပြန်လည်ဆွေးနွေးမယ်ဆိုတာ
ဆွေးနွေးဖြစ်ပါတယ်။
အထူးသဖြင့်
ကရင်ပြည်နယ်မှာ စတင်ဆောင်ရွက်ဖို့ ဆွေးနွေးပါတယ်''ဟု ပြောသည်။
တပ်မတော်၏
ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရှိသည့် နယ်ခြားစောင့်တပ်(BGF) နှင့် ပြည်သူ့စစ်များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်အရ
လိုက်နာမှုများထားရှိရန် ဆွေးနွေးခဲ့ပြီး တပ်မတော်အနေဖြင့် အမိန့်နာခံရေး (Command
Understanding)ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့်
JMC ၏ (၁ဝ)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ်အဆင့် JMC-S ကိုယ်စားလှယ်များကလည်း
လုပ်ငန်းဆောင်ရွက်ချက် အခြေအနေနှင့် စိန်ခေါ်မှုများ၊ ဝန်ထမ်းလိုအပ်ချက်များကို တင်ပြခဲ့ပြီး
JMC-S ဝန်ထမ်းလိုအပ်ချက်များခန့်ထားပေး နိုင်ရေးအတွက် နှစ်လအတွင်းလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း
သိရသည်။
JMC
သည် တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)စာချုပ်
လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ဘက်ဆိုင်ရာအချက်များကို
ဆွေးနွေးရန်၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် အောက်ခြေ၌
တိုက်ပွဲများမဖြစ်ပွားစေရန်၊ တိုက်ပွဲများလျှော့ချနိုင်စေရန်၊ တပ်မတော်နှင့် NCA စာချုပ်
လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြဿနာကိုဖြေရှင်းနိုင်ရန်
ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)ကို တပ်မတော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ
ကိုယ်စားလှယ် များ၊ အရပ်သားကိုယ်စားလှယ်များဖြင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာတွင် ဖွဲ့စည်းခဲ့သည်။
(ရဲခေါင်ညွန့်)
No comments:
Post a Comment