Wednesday, May 17, 2017

ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

နေပြည်တော်  မေ    ၁၆
နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်၊ အိမ်တွင်းစက်မှု၊လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူလူထုအတွင်း နည်းပညာများ ပျံနှံစေပြီး သွင်းကုန်အစားထိုး လုပ်ငန်းများ စီးပွားဖြစ် ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော
ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းကို မေလ ၁၆ ရက် မွန်းလွဲ (၁)နာရီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အေးမေတ္တာစံပရဟိတ ဂေဟာ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က အမှာစကားပြောကြားပြီး နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်က  ယခုသင်တန်း အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာ သင်တန်းများအနေဖြင့် သဘာဝသစ်သီး အခြေခံ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုသင်တန်း၊ ဝါးအခြေခံ လက်မှုအနုထည် သင်တန်း၊ ပရိဘောဂအခြေခံသင်တန်းနှင့် မော်တော်ဆိုင်ကယ် အခြေခံစက်ပြင် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်ကြားမှုအနေဖြင့် စာတွေ့သင်ကြားခြင်းအား သုံးဆယ်ရာခိုင်နှုန်း သင်ကြားပြီး၊ လက်တွေ့ သင်ကြားမှုကို ခုနှစ်ဆယ်ရာခိုင်နှုန်း ထည့်သွင်းသင်ကြားပေးပါကြောင်း သင်တန်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်၊ ဦးအေမောင်စိန်နှင့် တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
သင်တန်းတွင် ပြည်တွင်းထွက် ဆန်၊ပဲ၊ ပြောင်း၊ ဂျုံများဖြင့် ပြုလုပ်မည့် တော်ဖီ၊ ဝိုင်၊ ဂျယ်လီ (အမာ/အပျော့)၊ ဖျော်ရည်အမျိုးမျိုး၊ ယိုအမျိုးမျိုး၊ ကိတ်မုန့်အမျိုးမျိုး၊ ကွတ်ကွီးနှင့် အာလူးကြော် စသည့် စားသောက်ကုန်ပြုလုပ်မှုများကို သင်တန်းသူ (၂၀)ဦးအား သင်တန်း နည်းပြ(၂)ဦးမှ မေလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်၊ ဦးအေမောင်စိန်၊ စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment