Sunday, May 21, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အုပ်ချုပ်မှုသင်တန်းကျောင်းသို့ သင်ခန်းစာဆွေးနွေးပို့ချ


ရန်ကုန် မေ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အမှတ်စဉ် (၃/၂၀၁၇)အုပ်ချုပ်မှု သင်တန်းသို့ သင်ခန်းစာ ဆွေးနွေးပို့ချသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပို့ချရာတွင် ပညာရေး ၀န်ကြီးဌာန အနေဖြင့် အခြေခံ ပညာသင်ယူပြီးမြောက်ရေး၊ သင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးနှင့် သင်ယူတတ် မြောက်မှု အရည်အသွေး ကောင်းမွန်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ လူသားကောင်း တစ်ဦး ဖြစ်လာစေရန် ပြုစုပျိုးထောင်ရေး၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်း များ ပိုမိုအားကောင်းလာစေရန်း၊ ထူးချွန်ထက်မြက်သည့် ကျောင်းသားများ မွေးထုတ်ရာတွင် တီထွင်ကြံဆနိုင်သည့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အချင်းပြည့်ဝသည့် ကျောင်း သားကျောင်း သူများ မွေးထုတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း။
မူလတန်းအဆင့်တွင် ကျောင်းထွက်သူ လုံးဝပပျောက်ရေး၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင် ကြားနိုင်ရေးအတွက် မိဘများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးများတွင် ကျောင်းသားနှင့် မိဘပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ၏ ဘာသာရပ် ကျွမ်းကျင်မှုနှင့် သင်ကြားမှုစွမ်းရည်မြင့်မား လာစေရန်အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ထောက် ညွှန်ကြား ရေးမှူးများနှင့် မြို့နယ် ပညာရေးမှူးများ အနေဖြင့် မိမိ တို့၏လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်ရန်နှင့် မိမိတို့တာဝန်ယူဆောင်ရွက်သည့် ဒေသများတွင် ဖွံ့ဖြိုး တိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်း နေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် စပ် လျဉ်း၍ ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြို့နယ် ပညာရေးမှူး သင်တန်းသား သင်တန်းသူ စုစုပေါင်း(၆၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလ မှာ မေ(၄) ရက်မှ မေ(၂၄)ရက်အထိ (၂၁)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။ 

(ပညာရေး)

No comments:

Post a Comment