Sunday, May 21, 2017

မြန်မာနိုင်ငံ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း(တတိယပိုင်း) စီမံကိန်း မိတ်ဆက်ပွဲ ကျင်းပ


ရန်ကုန် - မေ ၂၀
 မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်း စီမံကိန်း(တတိယပိုင်း)သည်  ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရန် ပြင်ဆင်ခြင်း၊ နိုင်ငံတကာ စံညွှန်းနှင့်အညီ ရှေးဟောင်း သုတေသန နေရာဒေသနှင့် အဆောက်အဦပိုင်း ထိန်းသိမ်းစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်မြှင့်တင်မှု တည်ဆောက်ခြင်းတို့အတွက် ဆက်လက်ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည့် အီတလီနိုင်ငံ အစိုးရ၏ ငွေကြေး အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း (တတိယပိုင်း) စီမံကိန်း  မိတ်ဆက်ပွဲအခမ်းအနားတွင်   ပြည်ထောင်စု ဝန်ကြီးက   ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေ အနှစ်များ စီမံခန့်ခွဲ ထိန်းသိမ်းရေး တို့နှင့် ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက် ပေးမည့် စီမံကိန်းဖြစ်ကြောင်း၊ အမျိုးသားအဆင့် အစီအစဉ်များနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ချမှတ်ထားသည့် လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိအောင် အကူအညီပေးမည်ဖြစ် ကြောင်း၊ ပုဂံဒေသသည် ကမ္ဘာတွင်ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသ တစ်ခုဖြစ်ပြီး နိုင်ငံတကာခရီးသွား အများဆုံး လာရောက်လေ့ရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပုဂံငလျင် တုံ့ပြန်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စိတ်အားထက် သန်စွာဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ယူနက်စကို ကျွမ်းကျင်သူများ၊ ပုဂံဒေသအာဏာပိုင် များပူးပေါင်း၍ နိုင်ငံတကာစံညွှန်းများနှင့်အညီ ဆန်းစစ်ခြင်းနှင့် ပြန်လည် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti က မြန်မာ နိုင်ငံသည် အဖိုးတန်ရှေးဟောင်းအမွေအနှစ်များ၊ သမိုင်း အမွေအနှစ်ဆိုင်ရာ အဆောက်အအုံ များ များစွာပိုင်ဆိုင်ကြောင်း၊ ၎င်းတို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းအားဖြင့်  အနာဂတ်မျိုးဆက်သစ်များအတွက် အကျိုးရှိလိမ့်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံတို့၏ တူညီသောအဓိကရည်မှန်းချက်မှာ ယဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်းစီမံကိန်းအား ပိုမိုပူးပေါင်း ဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း၊ အီတလီနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုသမိုင်း အမွေအနှစ်များ စောင့်ရှောက်ခြင်းကို အလေးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ယခုထက် ပိုမို အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် စဉ်ဆက်မပြတ် အထောက်အပံ့ များပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍  ယူနက်စကိုမြန်မာကိုယ်စားလှယ်  Ms. Min Jeong Kim က မြန်မာနိုင်ငံ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် နှင့် ယူနက်စကိုမှ Junior Professional Officer, Mr. Michele Romono  တို့က မြန်မာနိုင်ငံ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်မှု အစီအစဉ် များ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အီတလီနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ် အဖွဲ့ ဒါရိုက်တာ Mr. Maurizio Di Calisto  က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယူနက်စကို၏ ကြီးကြပ်မှု၊ အီတလီနိုင်ငံ၏ ရန်ပုံငွေထောက်ပံ့မှုနှင့် မြန်မာနိုင်ငံ၌ ရှိသည့် ယဉ်ကျေးမှု အမွေ အနှစ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် စွမ်းဆောင် ရည်မြှင့်တင်ခြင်းစီမံကိန်း(ပထမပိုင်း)ကို ၂၀၁၂ ခုနှစ်တွင်စတင်ခဲ့ကြောင်းသိရသည်။
စီမံကိန်း(ပထမပိုင်း)၌် ထိန်းသိမ်းရေးဆိုင်ရာ ၀န်ထမ်းများအား ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှု အရည်အသွေး မြင့်မားလာစေရန်အတွက် အဆင့်မြင့်နည်းပညာ ဖြစ်သော ပထ၀ီဝင်ဆိုင်ရာ သတင်း အချက်အလက် စနစ်(GIS) လက်တွေ့ သင်ကြား ခြင်းအစီအစဉ်များကို အောင်မြင်စွာ ဆောင်ရွက် ပေးနိုင်ခဲ့သည်။
စီမံကိန်း(ဒုတိယပိုင်း)တွင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး အတွက် အရည်အသွေး မြှင့်တင်မှု ပထမပိုင်း၏အောင်မြင်မှုများကို ပို၍အားဖြည့် ပေးခဲ့သည့်အပြင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် အမည်စာရင်း တင်သွင်းရေးအတွက် အခြေခံကျသည့် လုပ်ငန်းများကိုလည်း ထောက်ပံ့ပေးနိုင် ခဲ့ကြောင်း သိရသည် ။
မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ် ဒေသဖြစ်သည့် ပျူမြို့ဟောင်း သုံးမြို့ အတွက် ဦးစားပေးစီမံခန့်ခွဲ  ဆောင်ရွက်မှုအစီအစဉ်ကိုလည်း စီမံကိန်း(တတိယပိုင်း)က ဆက်လက်ဆောင်ရွက်နိုင်ရန်  ကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ မြတ်စန္ဒီ

ဓာတ်ပုံ - လှမိုး

No comments:

Post a Comment