Friday, May 19, 2017

ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းပြည်သူများအတွက် ကာလတို သက်မွေးပညာ သင်တန်းများ ပူတာအို၌ ဖွင့်လှစ်

ပူတာအို      မေ      ၁၉
ပညာရေးဝန်ကြီးဌာန ၊ နည်းပညာ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊      အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့်  IDP စခန်းရှိ ပြည်သူများ ကျွမ်းကျင်မှုအခြေပြု အလုပ်အကိုင် တစ်ခုခု ၀င်ရောက်လုပ်ကိုင်ရင်း မိသားစုဝင်ငွေ  ဖန်တီးနိုင်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရာနှုန်းပြည့် ဖော်ဆောင်နိုင်ပြီး စခန်းများ ဖျက်သိမ်းကာ   မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလျင်ပင် အလုပ်အကိုင်လုပ်ကိုင်ပြီး ၀င်ငွေရ အခြေတကျ ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သော ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းပြည်သူများအတွက်  ကာလတို သက်မွေးပညာ သင်တန်းများဖွင့်ပွဲ အခမ်းအနားကို မေ(၁၉)ရက် နံနက်(၁၀)နာရီက ကချင်ပြည်နယ် ၊   ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမကျင်းပသည်။



အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက   သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူက သင်တန်းသားများသို့ အားပေးစကား ပြောကြားကာ     အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းဆန်းက   ၀န်ကြီးဌာန၏ မူဝါဒများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသားများကိုယ်စား လုံးစွတ်စခန်း တာဝန်ခံ ဆရာဦးဖုန်ထိန်က သင်တန်း ဖွင့်လှစ်ပေးခြင်း အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများက စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ခရိုင်အုပ်ချုပ်ရေးမှူး ၊  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်သမား သင်တန်းသားများ လက်တွေ့သင်ကြားနေမှုများကိုကြည့်ရှူအားပေးသည်။
ပူတာအိုတွင် လုံးစွတ်စခန်းနှင့် ဒုတ္တန်စခန်း IDP Camp နှစ်ခုရှိပြီး Camp နှစ်ခုမှ သင်တန်းသားများ ပါဝင် ကြောင်း၊ အခြေခံလက်သမားသင်တန်း (အပတ်စဉ်-၁)   သင်တန်းသား(၁၅)ဦးဖြင့် သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ အခြေခံလက်သမားသင်တန်း (အပတ်စဉ်-၂) သင်တန်းသား(၈)ဦး၊  အိမ်တွင်းလျှပ်စစ် ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်း သင်တန်းတွင် (၆)ဦး၊  ပန်းရံ(အုတ်စီ) သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ သင်တန်းကို နာရီပေါင်း (၆၀) သင်ကြားပေးသွားမည် ဖြစ်ကြောင်း အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။
အဆိုပါသင်တန်းများကို နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်    ကချင်ပြည်နယ်ရှိ IDP Camp (နေရပ်စွန့်ခွာရွှေ့ပြောင်းပြည်သူများစခန်း) သို့ ရောက်ရှိစဉ် စခန်းရှိပြည်သူများသို့ သက်မွေး ပညာများ သင်ကြားပေးရန်၊ ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာရေးကို ကူညီဖြည့်ဆည်း ပံ့ပူးပေးရန် စသည့် လမ်းညွှန်မှာကြားချက်အရ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)

No comments:

Post a Comment