Friday, May 19, 2017

အခြေခံပညာ ဆရာ ဆရာမများ ခံယူချက်နှင့် စိတ်ဓာတ်စွမ်းအားမြင့်မားရေး ဆွေးနွေးပွဲ ကျင်းပ


မြိတ် မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆရာ/ဆရာမများအား ခံယူချက်နှင့် စိတ်ဓာတ် စွမ်းအားမြင့်မား စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အခြေခံပညာ ဆရာ/ဆရာမများ ခံယူချက်နှင့် စိတ်ဓာတ်စွမ်းအားမြင့်မားရေး ဆွေးနွေးပွဲကို တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဦးဆောင်၍ မေလ(၁၉)ရက် နံနက်(၉)နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။




ဆွေးနွေးပွဲအား အ.ထ.က(၁)မြိတ် စံပယ်ခန်းမနှင့် အ.ထ.က(၃)မြိတ် ပညာရတနာခန်းမတို့တွင် ကျင်းပခဲ့ရာ မြိတ်ခရိုင်အတွင်းရှိ ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမ (၄၅၀)ဦး တက်ရောက်ခဲ့ကြကာ ဆွေးနွေးပွဲအား တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်မြင့်စိန် က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးအေးကြိုင်နှင့်  ဒေါက်တာတင်အောင်ရွှေတို့၏ ပညာရေးစကားဝိုင်း ဗီဒီယိုကို ဆွေးနွေးပွဲမစတင်မီ ပြသပေးခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအေးကြိုင်နှင့် အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးတင်လှိုင်တို့က  “ပည့ာသဘော ပညာ့မနော ပညာ့အပြော”  “ကောင်းကင်ပမာ သမုဒ္ဒရာအလား တောင်တန်းကဲ့သို့”   “စိတ်ကောင်း စေတနာထား စည်းကမ်းရှိ စနစ်ကျ စံပြ ဖြစ်စေ ပညာမြေ”   “ဆရာ/ဆရာမများ၏ အောင်မြင်မှုကို တိုင်းတာသောစံ” စသော ခံယူချက်နှင့် စိတ်ဓာတ် စွမ်းအား မြင့်မားစေရေး ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဟောပြောဆွေးနွေးချက်များအား ပြန်လည်ဆန်းစစ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

No comments:

Post a Comment