Tuesday, May 30, 2017

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကျင်းပ



နေပြည်တော် မေ ၂၉
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင် မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ပေါ်တွင် အဆင့်မီ မြို့တော်ခန်းမ တစ်ခုကို ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဆင့်မီ မြို့တော်ခန်းမ ဆောက်လုပ်မည် ဆိုပါက  ခန့်မှန်းကုန်ကျငွေ ငွေကျပ် သန်း ၃၀၀ ကုန်ကျမည် ဖြစ်ကြောင်း၊ တမူးမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ တစ်နှစ်ဝင်ငွေမှာ ၂၈၃ ဒသမ ၂ သန်းသာရှိပြီး မြို့၏ သန့်ရှင်း သာယာလှပရေး၊ လမ်းတံတား ပြုပြင်ရေး လုပ်ငန်းများတွင် ပြန်လည် သုံးစွဲရပါကြောင်း၊ ခန်းမ ဆောက်လုပ်ခြင်း အတွက် စည်ပင် သာယာရေး ၀င်ငွေဖြင့် ဆောက်လုပ်ပေးရန် မဖြစ်နိုင်သောကြောင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်နိုင်မှု ရှိ/ မရှိ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်၊ မြို့မိမြို့ဖ များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများ တွေ့ဆုံ ဆွေးနွေးရာတွင် ဒေသခံပြည်သူများမှ ခန်းမ ဆောက်လုပ်ခြင်းအတွက် ငွေကြေး ထည့်ဝင်နိုင်ခြင်း မရှိပါသဖြင့် ဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေ လျာထား ဆောင်ရွက် သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂)မှ ဦးဌေးဦး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် သန်းခေါင်စာရင်းမရှိသော တိုင်းရင်းသားစစ်စစ် နိုင်ငံသားများကို လက်ရှိ မြေပြင် အခြေအနေအတိုင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ကတ်ပြားနှင့် သန်းခေါင် စာရင်းစာရွက်တို့ကို တစ်နိုင်ငံလုံးရှိ နိုင်ငံသား စိစစ်ရေးကတ် မရှိသူများအတွက် (၆)လ အတွင်း ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက  မိမိ ၀န်ကြီးဌာနအနေဖြင့် တိုင်းရင်းသား ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများတွင် ပြည်သူလူထု ၀န်ထုပ်ဝန်ပိုး လျော့ပါးစေပြီး လွယ်ကူမြန်ဆန်စေရန် ယခင်က အိမ်ထောင်စု လူဦးရေစာရင်း တစ်စောင် ဖြည့်စွက်နိုင်ရေးအတွက် လိုအပ်ချက် အထောက်အထား ၁၀ ချက်အစား ၅ ချက် ဖြေလျှော့၍ လည်းကောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ရာတွင်လည်း ယခင်က တိုင်းရင်းသားများအား ခရိုင် ဦးစီးမှူး လက်မှတ်ရေးထိုးပေးခြင်းအစား မြို့နယ်ဦးစီးမှူး လက်မှတ်ရေးထိုးပေး ခွင့်ပြုခြင်း၊ တိုင်းရင်းသားများအတွက် အထောက်အထားပြည့်စုံပါက အများဆုံး ၂၈ ရက် အတွင်း အပြီးဆောင်ရွက်ပေးခြင်း၊ အထောက်အထားပြည်စုံပါက  One Stop Service နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ အထောက်အထား မပြည့်စုံသော်လည်း တိုင်းရင်းသား  ဖြစ်ကြောင်း မှန်ကန်ပါက မြို့နယ် နိုင်ငံသားစိစစ်ရေးက တ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ (၅ ဦးကော်မတီ) ထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးခြင်း၊  ရပ်ကွက်/ ကျေးရွာ အရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းများ ဖြင့် လည်းကောင်း ဖြေလျှော့ ဆောင်ရွက် ပေးခဲ့ပါကြောင်း။
မိမိတို့ ၀န်ကြီးဌာနအနေဖြင့်  နိုင်ငံတော်အတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသား ပြည်သူများအတွက် အဓိက လိုအပ်ချက် ဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ပြည်သူလူထု ၀န်ထုပ် ၀န်ပိုးမဖြစ်စေရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စရပ်များ မဆုံးရှုံးစေရေးနှင့် လွယ်ကူ မြန်ဆန်စွာ ရရှိစေရေးအတွက် ဖြေလျှော့မှုများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း။
ထို့ပြင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား လက်ရှိမြေပြင် အခြေအနေ အတိုင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးမည်ဆိုပါက မြို့နယ် ၂ ခုတွင် လူဦးရေစာရင်း ထပ်ခြင်းဖြစ်ပေါ်ကာ  လူဦးရေဖောင်းပွမှုဖြစ်ပေါ်ခြင်း၊ အချို့မှာ အကြောင်းအမျိုးမျိုးဖြင့် မူလနေထိုင်ရာဒေသ အပါအ၀င် ကိုယ်ရေး အချက်အလက်များ မမှန်မကန်ဖော်ပြလျက် မူလ ကိုယ်ရေး အချက်အလက်များအား ဖုံးကွယ်မှုများရှိနိုင်ကာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့တွင် မလိုလားအပ်သည်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် တစ်နိုင်ငံလုံးရှိ နိုင်ငံသား စိစစ်ရေးကတ်မရှိကြသူ နိုင်ငံသားများ အတွက် နိုင်ငံသား မှတ်ပုံတင် ကတ်ပြားနှင့် သန်းခေါင်စာရင်း စာရွက်တို့ကို ၆ လ အတွင်း ဆောင်ရွက်ပေးရန်မှာ တည်ဆဲဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ လက်တွေ့ ဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏအရ မိမိတို့ဌာနတွင်  အခက်အခဲများစွာ ရှိနေပါသဖြင့်  ၆လ အတွင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် မိမိ ၀န်ကြီးဌာနအနေဖြင့် တိုင်းရင်းသား ပြည်သူ လူထုများ၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေး ရေးလုပ်ငန်းများ ပြည်သူလူထု ၀န်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ လွယ်ကူ လျင်မြန်စွာ ရရှိစေရေး ဥပဒေနှင့်အညီ ဖြေလျှော့ ဆောင်ရွက်ပေးထားပြီး စိစစ်မှု၊ လုပ်ငန်း ဆောင်ရွက်မှုများ မကြန့်ကြာစေရေး တွန်းအားပေးကြပ်မတ် လုပ်ဆောင်လျက် ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးဝှေ့တင်း၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးအောင်သိန်းနှင့် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး တို့၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာမေးခွန်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆိုင်ရာ မေးခွန်းနှင့် ကလေး လုပ်သားဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့က ပြန်လည် ရှင်းလင်းဖြေကြား ကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို မေလ ၃၀ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment