Tuesday, May 30, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကျင်းပ



နေပြည်တော် မေ ၂၉
ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြီးမေးခွန်း (၈)ခု မေးမြန်း ဖြေကြားခြင်း၊ အစီရင်ခံစာ (၁)ခု အတည်ပြုခြင်း၊ အဆို (၁)ခုနှင့် အစီရင်ခံစာ (၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဦးရွှေကို၏ ကျောက်ပန်းတောင်းမြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေတို့တွင် 5 MVA ဓာတ်အားခွဲရုံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က ကျောက်ပန်းတောင်းမြို့နယ်၏ မြောက် ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်း နယ်မြေတို့တွင် လျှပ်စစ် ဓာတ်အား တိုးချဲ့ ဖြန့်ဖြူးနိုင်ရေး ပထမပိုင်း လုပ်ငန်းအဆင့် လိုအပ်သော 66 KV ဓာတ်အားလိုင်း စုစုပေါင်း ၂၇ မိုင်နှင့် 5 MVA ဓာတ်အားခွဲရုံ (၂)ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ အတွက် ခန့်မှန်းကုန်ကျ စရိတ် စုစုပေါင်း ငွေကျပ်  ၃၂၂၆ ဒသမ ၀၉၇ သန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် လျာထား ဆောင်ရွက်နိုင်ရန် တင်ပြ တောင်းခံသွားမည် ဖြစ်ပြီး ဘဏ္ဍာငွေ ပြည့်စုံ လုံလောက်စွာ ရရှိသော နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း။
ကျောက်ပန်းတောင်း မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများ ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရန် 11KV ဓာတ်အားလိုင်း မိုင် ၃၀ ခန့်၊ 11/0.4 KV  ထရန်စဖော်မာ ၃၇ လုံးခန့် နှင့် တောင်ဘက်ခြမ်းရှိ ကျေးရွာများ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် 11 KV ဓာတ်အား လိုင်း ၄၀ မိုင်ခန့်နှင့် 11/0.4 KV ထရန်စဖော်မာ ၆၅ လုံးခန့်အား ထပ်မံ တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ၀န်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေး စီမံချက် (NEP)တွင် ထည့်သွင်း လျာထားပေးခြင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နောင်လာမည့် ဘဏ္ဍာရေး နှစ်များတွင် ရန်ပုံငွေများ ထည့်သွင်း လျာထားပေးရန် ညှိနှိုင်းပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ မီးလင်းရေး ကော်မတီများ လိုက်နာရန် အချက်များ ဖြေလျှော့ ပြောင်းလဲ သတ်မှတ်ခြင်း၊ လျှပ်စစ်နှင့် ပတ်သက်သော တိုင်းပြည် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးရွာနေ အိမ်ထောင်စု အားလုံးနီးပါး လျှပ်စစ်မီး သုံးစွဲနိုင်ရေးနှင့် တရားမဝင် ဆင့်ပွားမီး တပ်ဆင် အသုံးပြုခြင်း ပပျောက်ရေးတို့ အတွက် မည်ကဲ့သို့ စီစဉ် ဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း  မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က ခေတ်စနစ်နှင့် လိုက်လျော ညီထွေသော သတ်မှတ်ချက်များ ဖြစ်စေရန် ၂၀၁၄ ခုနှစ် ဇွန် ၁၇ ရက်တွင် မီးလင်းရေး ကော်မတီများ လိုက်နာရန် အချက် (၂၄)ချက်မှ (၁၂) ချက်သို့ ဖြေလျှော့ ပေးခဲ့ပါကြောင်း၊ ပြင်ဆင် ဖြေလျှော့ ပေးထားသော အချက် (၁၂)ချက် သည်လည်း ယခင် သတ်မှတ်ချက် (၂၄)ချက်ဖြင့် ကတိဝန်ခံချက် ရေးထိုး ဆောင်ရွက်ခဲ့သော မီးလင်းရေး ကော်မတီများနှင့် အကျုံးဝင် သက်ဆိုင်ပါသဖြင့် ဖြေလျှော့ပေးထားသည့် အချက် (၁၂)ချက်အတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဆင့်ပွား ဓာတ်အားပေးနေမှု ဖြစ်စဉ်များ စိစစ်တွေ့ရှိပါက ဓာတ်အား ဖြတ်တောက်ခြင်း၊ ၎င်း၏ တပ်ဆင်ဝန်အား အလိုက် ဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ ဖြစ်ပေါ်လာပါက ချိုးဖောက်သူအား ရာသက်ပန် ဓာတ်အား ဖြတ်တောက်မည် ဖြစ်ကြောင်း ဓာတ်အား သုံးသူအား ၀န်ခံကတိများ ရေးထိုးစေခြင်းတို့ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံချက်များ ချမှတ်ကာ စိစစ် အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း။
တရားမ၀င် ဓာတ်အား သုံးစွဲမှုများကြောင့် တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီအထိ ၁၀ လအတွင်း အမှုပေါင်း ၆၀၉ မှုကို ဖော်ထုတ် အရေးယူခဲ့ပြီး ဒဏ်ကြေးငွေစုစုပေါင်း ငွေကျပ်(၆၁၆)သန်းကျော် သတ်မှတ် ပေးဆောင်စေခဲ့ပါကြောင်း၊ တရားမ၀င် ဆင့်ပွား မီးသုံးစွဲနေမှုများ တွေ့ရှိကြောင်း တိုင်ကြားလာပါက ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
ခင်ဦး မဲဆန္ဒနယ်မှ ဒေါက်တာ ဝင်းအောင်၏ ခင်ဦးမြို့နယ် ဥယျာဉ်ရွာအနီး မူးမြစ်ကမ်းတွင် ကျောက်စီ မြေထိန်းနံရံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ဥယျာဉ်ရွာအနီး မူးမြစ်ကမ်းပြိုမှု ဖြစ်ပေါ်ခဲ့သော နေရာများကို ကွင်းဆင်း တိုင်းတာ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းတာရရှိသော အချက်အလက်များ အပေါ် မူတည်၍ လိုအပ်သည့် ကမ်းပြို ကာကွယ်ရေး အစီအမံများ ရေးဆွဲ တွက်ချက်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြည့်စွက် ရန်ပုံငွေတွင် တင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန အနေဖြင့် နည်းပညာ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ ကျိုက်မရော မဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်၊ ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုတို့ မေးမြန်းသည့် စက်သုံးဆီ အရောင်းဆိုင်များ မြို့ပြင်သို့ ပြောင်းရွှေ့ပေးရေး၊ လျှပ်စစ် မီးလင်းရေးနှင့် ပို့ဆောင်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဦးကျော်မျိုးတို့က ပြန်လည် ဖြေကြားခဲ့ကြသည်။
ထို့နောက် မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းက ပြည်တွင်း၌ ထုတ်လုပ်နေသော ယူရီးယား ဓာတ်မြေသြဇာများ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် စနစ်တကျ ထုပ်ပိုးပြီး တောင်သူများ လက်ဝယ်သို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့် အဆင်ပြေ ချောမွေ့စွာ ဖြန့်ဖြူးပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းကြရန် အသိပေး ကြေညာထားသည်။
ယနေ့ အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်း” လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်းနှင့် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာဖတ် ကြားခြင်းတို့ကိုလည်း ဆောင်ရွက် ခဲ့ကြသည်။
ကျော်သူထက် (သတင်းစဉ်)

No comments:

Post a Comment