Thursday, May 11, 2017

ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ပေါင်မြို့နယ်အတွင်းရှိ ဒေသခံပအို့ဝ်တိုင်းရင်းသားများနှင့်တွေ့ဆုံ

ပေါင်  မေ  ၁၁
မွန်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မေ၁၁ရက် နံနက်၁၁နာရီက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ဒေသခံ ပြည်သူ ပအို့ဝ်တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီးက မိမိတို့၏ ပအို့ဝ်စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ဒေသခံပအို့ဝ်တိုင်းရင်းသားပြည်သူများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြရန် ပြောကြားခဲ့သည်။
"ကျွန်မတို့လူမျိုးရှိနေတာကို လူတော်တော်များများက မသိကြဘူး၊ ဒါကို သိဖို့ကျွန်မတို့ အတူတကွ လက်တွဲပြီး ဖော်ဆောင်ရမယ်၊ ကျွန်မတို့လူမျိုးက ရိုးသားပြီး အသိပညာဗဟုသုတနည်းပါးကြတယ်၊ ဒါကြောင့် သင်္ကြန်မတိုင်ခင်ကဆိုရင် အလံတရာမှာ ပအို့ဝ်မျိုးဆက်သစ်လူငယ်တွေအတွက် ပအို့ဝ်စာပေယဉ်ကျေးမှု၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ အထွေထွေဗဟုသုတ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ နောင်ကုလားအလယ်ရွာမှာလည်း ဒီသင်တန်းတွေအပြင် စက်ချုပ်သင်တန်းများကိုပါ သင်ကြားပေး နေပါတယ်။ အနယ်အနယ် အရပ်ရပ်မှာရှိသော စာရေးဆရာများကို ဖိတ်ပြီးတော့  ကလေးတွေဗဟုသုတရရှိဖို့အတွက် ဟောပြောပွဲ ပြုလုပ်ပေးနေပါတယ်။ ဒါမှသူတို့လေးတွေ ဗဟုသုတပြည့်စုံပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မှာပါ" ဟု ၄င်းက ပြောကြားခဲ့သည်။
"နောက်တစ်ခုက ရွာတွေမှာလိုအပ်နေတဲ့ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး ပြုလုပ်ပေးသွားဖို့ ရှိပါတယ်။ ကျန်းမာရေးကိစ္စဆိုရင်လည်း မွန်ပြည်နယ်အတွင်းရှိ ဝေလံခေါင်ပါးသော တိုင်းရင်း သားဒေသမှ ရွာတိုင်းလိုလိုမှာ ဆေးခန်းတွေ၊ ဆရာဝန်တွေ သူနာပြုဆရာမတွေ မရှိကြဘူး၊ ဒါကို အဆင်ပြေအောင် ကျွန်မက နိုင်ငံခြားက လူမှုရေးအဖွဲ့အစည်းတွေကို အကူအညီ တောင်းပြီးတော့ ရွာမှာရှိတဲ့ အသက်(၂၀)နှစ် နှင့်(၃၅)နှစ်ကြား တစ်ရွာတစ်ယောက်နှုန်းဖြင့် ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီးတော့ ကျန်းမာရေး လုပ်သားအဖြစ် သင်တန်းပို့ချသွားဖို့ စီစဉ်ထားပါတယ်" ဟု ၄င်းက ဆက်လက်ပြောပြခဲ့သည်။
ထို့နောက် တတ်ရောက်လာသော ဒေသခံပြည်သူများက လမ်း၊ တံတား၊ လျှပ်စစ်မီးအစရှိသည့် မိမိတို့ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာ ဌာနအသီးသီးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုဟိန်း(ပေါင်)

No comments:

Post a Comment