Wednesday, May 3, 2017

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကျင်းပ



သတင်း - ၀င်းနန္ဒာ
ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန်-မေ ၃
ကမ္ဘာ့နိုင်ငံအသီးသီးရှိ သတင်းသမားများအတွက် မေ ၃ ရက်သည် ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)ဖြစ်ရာ အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က  စတင်၍ နှစ်စဉ်ကျင်းပခဲ့သည်။

ယခုနှစ်  ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က “မေ ၃ ရက်ကို စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် နှစ်စဉ် ဆောင်ပုဒ် အသီးသီးချမှတ်ပြီး ကျင်းပလာခဲ့ရာ ယခုနှစ်ဆောင်ပုဒ်မှာ  ငြိမ်းချမ်း သော၊ တရားမျှတသော၊ အားလုံးပါဝင်သော လူ့အဖွဲ့အစည်းများဖြစ်ပေါ်ရေးအတွက် ကမ္ဘာတစ်လွှားရှိ မီဒီယာသမားများ စွမ်းဆောင်နိုင်ကြပါစေ ( CRITICAL MINDS FOR CRITICAL TIMES: MEDIAS ROLE IN ADVACING PEACEFUL JUST AND INCLUSIVE SOCIETIES ) ဟု သတ်မှတ်ထားသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတကာ မှ အမြော်အမြင်ကြီးမားသောပုဂ္ဂိုလ်များက  ရွေးချယ်ချမှတ်လိုက်သည့် ဆောင်ပုဒ်ဖြစ် သည့်အတွက်  အနှစ်သာရပြည့်ဝပြီး မိမိတို့တိုင်းပြည်အတွက်  လျော်ကန်သင့်မြတ် သည်ဟု မြင်မိပါကြောင်း၊ ယနေ့ကမ္ဘာ၏ နိုင်ငံတကာအခြေအနေများအပေါ်မူတည်၍ ယခုကဲ့သို့ ဆောင်ပုဒ်အသုံးအနှုန်းများ ပေါ်ပေါက်လာသည်ဟု မြင်မိပါကြောင်း” အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ကမ္ဘာနှင့်လူ့အဖွဲ့အစည်းအတွင်း မီဒီယာ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ “ယနေ့ကမ္ဘာကြီးတွင် မငြိမ်းချမ်းမှု၊ မတရားမှုများ အားလုံးပါဝင်နိုင်မှုကို ခွင့်မပြုမှုများ လွှမ်းမိုးနေသည့် ကမ္ဘာကြီးဟု ပြော၍ရပါကြောင်း၊ ယခုကမ္ဘာကြီးမှာ ငြိမ်းချမ်းမှု၊ တရားမျှတမှု အားလုံးပါဝင်မှုများ ထွန်းကားသည့် လူ့အဖွဲ့ အစည်းများပေါ်ပေါက်ရန်အတွက် မီဒီယာက တစ်ခန်းတစ်ကဏ္ဍအဖြစ် ပါဝင်ထမ်း ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါကြောင်း။
ယနေ့ ကမ္ဘာကြီးတွင် မတရားမှု တစ်ဖက်စောင်းနင်းအတွေးအခေါ်များ ကြောင့် ပဋိပက္ခများ၊ ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်များကြုံတွေ့နေရပါကြောင်း၊ ထိုအချိန် တွင် စာနယ်ဇင်းသမားများက အကြောင်းအကျိုး သင့်မြတ်စဉ်းစားတတ်သည့် ဥာဏ်ဖြင့် ရပ်တည်ပေးကြစေလိုကြောင်း၊  ငြိမ်းချမ်းသော တရားမျှတသော အားလုံး တန်းတူညီမျှ ပါဝင်ခွင့်ရှိသော လူ့အဖွဲ့အစည်းများဖြစ်ရန် ၀ိုင်းဝန်းတည့်မတ်ဆောင်ရွက် ပေးကြပါဟု ဆိုလိုသည့်အဓိပ္ပါယ်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အလေး အနက်ထောက်ခံပါကြောင်း။
ယနေ့ မိမိတို့တိုင်းပြည်တွင်  အစိုးရနှင့် နိုင်ငံတော်အကျိုးကို လိုလားသည့် အခြားသောပုဂ္ဂိုလ် အဖွဲ့အစည်းများက ဦးတည်ကြိုးပမ်းနေသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆိုသည်မှာ တရားမျှတပြီး တန်းတူညီမျှပါဝင်ခွင့်ရသည့် လူ့အဖွဲ့အစည်း ကို ရည်မျှော်ခြင်းဖြစ်ပါကြောင်း” ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် “နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ နှစ်စဉ် နိုင်ငံအလိုက် စာရင်းများ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါထုတ်ပြန်ချက်များတွင်  မိမိတို့နိုင်ငံသည် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၉ အနက် အဆင့် ၁၆၉ နေရာတွင် တည်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နိမ့်ကျနေရာမှ ကြိုးစားရုန်းထွက်ခဲ့ရာ အဆင့် ၁၅၁ နေရာကို ရောက်ရှိလာခဲ့ပြီး  ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၄၅၊ ၂၀၁၅ ခုနှစ်တွင် အဆင့် ၁၄၄၊ ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၄၃ စသည်ဖြင့် တစ်ဆင့်ချင်း တိုးတက် လာခဲ့ပါကြောင်း၊  ယခုနှစ်တွင် အဆင့် ၁၂ ဆင့်ထိမြင့်တက်လာပြီး အဆင့် ၁၃၁ သို့ ရောက်ရှိလာသည်ကို တွေ့ရပါကြောင်း။
 နိုင်ငံပေါင်း ၁၈၀ ရှိသည့် ကမ္ဘာကြီးတွင် အဆင့် ၁၃၁ သည် ဂုဏ်ယူစရာ ကြွေးကြော်စရာ မဟုတ်ပါကြောင်း၊ သို့သော် ယခုကဲ့သို့ တိုးတက် လာသည့်အတွက် ၀မ်းမြောက်စရာဖြစ်သည်ဟု ပြောလိုပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအဆင့်မှာ ကျေနပ်မနေဘဲ ယခုထက် ပိုမိုတိုးတက်စေရန် သတင်းမီဒီယာသမား များ၊ သတင်းမီဒီယာအဖွဲ့အစည်းများ၊စာနယ်ဇင်း လွတ်လပ်ခွင့်ကို အားပေးမြှင့်တင် လိုသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် အတူလက်တွဲပြီး  ဆက်လက် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ UNDP ဌာနေကိုယ်စားလှယ် Ms. Renata Lok-Dessallien  က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြား ချက်ကို ဖတ်ကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက်တွင် သတင်း ထောက်များသည် အသံမဲ့ပြည်သူများကို ကိုယ်စားပြုနိုင်ရန် အန္တရာယ်ရှိသည့် နေရာများကိုသွားရောက်နေကြရပါကြောင်း၊ ထို့ကြောင့် သတင်းထောက်များအတွက် တရားမျှတမှုရစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ခရီးရောက်ခဲ့ပြီဟုလည်း ပြော၍ရပါကြောင်း၊ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံရှိ AP သတင်းဌာနမှ ပထမဆုံး ပူလစ်ဇာဆု ရရှိခဲ့ပါကြောင်း၊ နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် မှာ အဆင့် ၁၃၁ တွင် ရှိနေသည့်အတွက် သတင်းလွတ်လပ်ခွင့် ၁၂ ဆင့်အထိ တက်လာခဲ့ပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံရှေ့တွင် နိုင်ငံပေါင်း ၁၃၀ ရှိနေသေး သည့်အတွက် ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မီဒီယာ လွတ်လပ် ခွင့်မှာ အတိုင်းအတာတစ်ခုအထိ ရနေပြီဖြစ်ပါကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့်နိုင်ငံများအတွက် အရေးပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် ကုလသမဂ္ဂပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံအဖွဲ့ (ယူနက်စကို) ညွှန်ကြား ရေးမှူးချုပ်၏ သ၀ဏ်လွှာကို  ယူနက်စကို ရန်ကုန်ရုံးဌာနေကိုယ်စားလှယ် Ms. Min Jeong Kim က ဖတ်ကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး ကောင်စစ်ဝန်ချုပ် Mr. Johan Hallenborg က “မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ပါဝင်ခွင့်ရသည့် အတွက် ၀မ်းသာပါကြောင်း၊ သတင်းသမားများသည် သတင်းစာ အတတ်ပညာကို အသုံးပြုပြီး အမုန်းစကားများကိုပြောဆိုရန်မဟုတ်ဘဲ သမာသမတ်ကျရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ နိုင်ငံတကာ မြန်မာ့သတင်း အဖွဲ့(BNI)၊ အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်(သတင်းစာအတတ်ပညာဌာန)တို့မှ ကိုယ်စားလှယ်များကလည်း ကမ္ဘာ့စာနယ်ဇင်းလွတ် လပ်ခွင့်နေ့ အထိမ်းအမှတ် သ၀ဏ်လွှာများကို အသီးသီးဖတ်ကြားကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ယူနက်စကိုမှ ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ သတင်း မီဒီယာအဖွဲ့ အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
နှစ်စဉ် မေ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ၁၉၉၃ ခုနှစ် တွင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ယူနက်စကို အထွေထွေညီလာခံမှ ထောက်ခံအတည်ပြုခဲ့သည်။           

ကမ္ဘာတစ်ဝန်းနိုင်ငံအသီးသီးရှိ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေများကို သုံးသပ် အကဲဖြတ်ရန်၊ သတင်းမီဒီယာများ၏ လွတ်လပ်မှုအပေါ် တိုက်ခိုက်မှုများမှ အကာအကွယ်ပြုရန်၊ မိမိတို့၏အသက် မွေးဝမ်းကြောင်း သတင်းလုပ်ငန်းခွင်များတွင် လုပ်ကိုင်ဆောင်ရွက်ရင်း အသက်ကိုစတေးခဲ့ကြရသည့် သတင်း သမားများကို ချီးကျူး ဂုဏ်ပြုရန် စသည့်ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလျက် ရှိသည်။ 

No comments:

Post a Comment