Monday, May 22, 2017

ပြန်ကြားရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် (တောင်ကြီး) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ်၌ ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် တောင်ကြီးမြို့ ပြည်နယ်အစိုးရ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလေးစာပေပွဲတော်များကို ကလေးများ အား စာပေမိတ်ဆက်ပေးသည့် ပွဲတော်တစ်ခုဖြစ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကလေးများ၏ ဘ၀အတွက် စာဖတ်ချင်စိတ်ဖြစ်ပေါ်လာအောင် ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ ကလေးများသည် မိမိတို့၏ အနာဂတ်၊ တိုင်းပြည် အနာဂတ်၊ ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးခြင်းဖြစ်ပါကြောင်း၊ အဓိကအချက်အနေဖြင့် ပျော်ရွှင်စရာ ကောင်းသည့် ပတ်ဝန်းကျင်နှင့် စာပေပတ်ဝန်းကျင်ကို ဖန်တီးပေးရန် အရေးကြီးပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကလေးစာပေပွဲတော်ကို ကျင်းပသည့် သက်ဆိုင်ရာဒေသများရှိ စိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာများကို ထည့်သွင်းကျင်းပသင့်ပါကြောင်း၊ ကလေးများအတွက် ပညာရေးမြှင့်တင်ရာတွင်လည်း အထောက်အကူဖြစ်ရန်လိုအပ်ပါကြောင်း၊ ပွဲတော်သို့လာရောက်ကြ သည့် ကလေးများအတွက် လမ်းခရီးလုံခြုံရေးနှင့် စရိတ်များကို ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ရန်နှင့် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများလည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် (တောင်ကြီး) ကျင်းပခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဖျော်ဖြေရေး၊ ပြပွဲပြိုင်ပွဲ ဆုချီးမြှင့်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းမှတ်တမ်းနှင့်ပြန်ကြားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာပေးရေး လုပ်ငန်း ကော်မတီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်း၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေတို့က ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းသားသမီးများ၏ ပညာရေးအတွက် ထောက်ပံ့ငွေကျပ်  ၁၀ သိန်း ၅ သောင်းနှင့် ဗလာစာအုပ်များကိုပေးအပ်ရာ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးပြည်နယ်မှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေမှ လက်ခံရယူသည်။

(သတင်းစဉ်)

No comments:

Post a Comment