Monday, May 22, 2017

မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၂ 
အတွေ့အကြုံပြည့်ဝသော ပညာရှင်ကြီးများ၏ ကျွမ်းကျင်မှုနှင့်မြော်မြင်နိုင်မှု စွမ်းအားများအား နိုင်ငံတော်ဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက်အပံ့ကောင်းများအဖြစ် များစွာလိုအပ်သကဲ့သို့ အဆိုပါနည်းပညာအကြံဉာဏ်များ သည်လည်း နိုင်ငံ၏ရေရှည် အကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မေ(၂၁) နံနက်(၉)နာရီက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။

အခမ်းအနားသို့  မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကကြီးများ ဖြစ်ကြသော ဦးအုန်းမြင့်၊ ဦးမျိုးမြင့် နှင့် ဦးဝင်းကျော်၊ ဥက္ကဌ ဦးလှဘော်နှင့် ဒုတိယဥက္ကဌများ၊ ကော်မတီဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams)(MNCOLD) ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အတွေ့အကြုံများသော ပညာရှင်များကြီးများဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ကော်မတီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် တမံကြီးများ၏ လုံခြုံစိတ်ချရမှု၊ ခိုင်ခံ့တည်ငြိမ်မှု၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေးပတ်ဝန်းကျင်တို့အပေါ် အကျိုးသက်ရောက်မှု၊ စွမ်းရည်မြင့်မားတိုးတက်မှု၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်တမံကြီးများဆိုင်ရာ အကျိုးတရားများကို စိစစ်သုံးသပ်ရာတွင် အတိုင်ပင်ခံပညာရှင်များအဖြစ် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေး နိုင်ရန် ၊ အပြည်ပြည်ဆိုင်ရာ တမံကြီးများကော်မရှင် International Commission on Large Dams(ICOLD)  အပါအဝင် နိုင်ငံတကာမှ ပညာရှင်များ၏ နည်းပညာအကြံဉာဏ်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ(၁)နာရီတွင် ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်းရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဌ ဦးခင်မောင်အေးနှင့် ဘဏ်အသီးသီးတို့မှ ဥက္ကဌများ၊ တာဝန်ရှိသူများအား တွေ့ဆုံ၍ လုပ်ကွက်ငယ်တောင်သူ လယ်သမားများ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် အသေးစား အရင်းအနှီး ချေးငွေရရှိရေး၊  စနစ်ကျစက်မှုလယ်ယာမြေ ဖော်ထုတ်ခြင်းနှင့် လယ်ယာသုံး စက်ကိရိယာများ အရစ်ကျ စနစ်ဖြင့်ဝယ်ယူ သုံးစွဲနိုင်ရေးအပါအဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဘဏ်လုပ်ငန်းများဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment