Monday, May 22, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် မေ ၂၂
လှည်းကူးမြို့နယ် လက်ပံလျှပ်စစ်ရေတင်စီမံကိန်း လုပ်ငန်းအပိုင်း (၂) ဆက်လက်ဆောင်ရွက်ရန် ရန်ပုံငွေ ကျပ် ၂၄၆၈ ဒသမ ၃၈၄ သန်း ရရှိပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများစတင်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တတိယနေ့ တွင် ရှင်းလင်းပြောကြားသည်။

လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၏ လှည်းကူးမြို့နယ်မှ လက်ပံလျှပ်စစ်ရေတင် စီမံကိန်း(အပိုင်း-၂၊ ကင်မွန်းချုံ)ကို ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ထိုသို့ထည့်သွင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။
ဒုတိယ၀န်ကြီးက ပျိုးထောင်ရေနှင့် အောင်ရေပေးဝေနိုင်ခြင်းတို့ကြောင့် လက်ပံလျှပ်စစ်ရေတင်စီမံကိန်း လုပ်ငန်းအပိုင်း (၂)သည် ဆက်လက်ဆောင်ရွက်သင့်သော လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ပံလျှပ်စစ်ရေတင်စီမံကိန်း လုပ်ငန်း အပိုင်း(၂) ဆက်လက်ဆောင်ရွက်ရန် လိုအပ်ရန်ပုံငွေကျပ် ၂၄၆၈ ဒသမ ၃၈၄ သန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် တည့်သွင်းလျာထားတောင်းခံခဲ့ရာ ရန်ပုံငွေရရှိပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ခွဲဝေချထား ပေးသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် စီမံထားရှိပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
အိမ်မဲမဲဆန္ဒနယ်မှ ဒေါ်သန္တာ၏ ဆိုလာမီးလင်းရေးဆောင်ရွက်ရာတွင် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းနှင့် အာမခံချက်ကို ဖောက်ဖျက်သော ကုမ္ပဏီအား အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍လည်း ဒုတိယ၀န်ကြီး ဦးလှကျော်က ကျေးလက်မီးလင်းရေး ဆောင်ရွက်သည့် ကုမ္ပဏီများအား စာချုပ်ပါစည်းမျဉ်းစည်းကမ်းနှင့် အာမခံ ဖောက်ဖျက်ပါက တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ စာချုပ်ပါစည်းကမ်းချက်များပါအတိုင်း တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါဆွဲဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကုမ္ပဏီအား အမည်ပျက်စာရင်း ထည့်သွင်းသွားမည် ဖြစ်ပါကြောင်းနှင့် လိုအပ်ပါက တရားစွဲဆိုခြင်းအထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်နှင့် ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းတို့၏ ကျေးလက်လမ်း၊ တံတား တည်ဆောက်ရေးနှင့် လယ်ယာမြေများပြန်လည်ဖော် ထုတ်နိုင်ရေးဆိုင်ရာ မေးခွန်းများကိုလည်း ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ဝေါ မဲဆန္ဒနယ်မှ ဦးတင်ထွေးက တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်ပေးနိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား တိုက်တွန်းသည့်အဆို တင်သွင်းခဲ့ ကြောင်း၊ ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုယ်စား မိမိမှ ပြန်လည်ရှင်းလင်းခဲ့ပါကြောင်း၊ ရှင်းလင်းဆွေးနွေးရာတွင် တရားစီရင်ရေးကဏ္ဍ၌ အကျင့်ပျက်ခြစားမှုများကြောင့် ယိမ်းယိုင်တိမ်းစောင်းမှုများ ဖြစ်ပေါ်နေ သည်ဟု စွပ်စွဲထားခြင်းဖြစ်သည့်အတွက် တရားရုံးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည့် စွပ်စွဲပြောဆိုမှုများသည် တရားရုံးများကို မထင်မဲ့မြင်ပြုရာရောက်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၁၇)၊  အပိုဒ် ၁၅၈ ၊ အပိုဒ်ခွဲ (ခ)တွင် မဆီလျော်သည့် အကြောင်းပြချက်များ၊ ခိုင်လုံသော အထောက်အထားမပါရှိသည့် ယူဆချက်များ၊ မသင့်လျော်သော အသုံးအနှုန်းများနှင့် ဂုဏ်သရေကိုထိခိုက်စေသော ဖော်ပြချက်များ မပါရှိသောအဆိုဖြစ်ရမည်ဟု အတိအလင်း တားမြစ်ထားပါကြောင်း၊ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေသည်ဆိုသည့် အဆိုသည် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ အပိုဒ်(၁၅၈)၊ အပိုဒ်ခွဲ (ခ)နှင့် ဆန့်ကျင်နေပါကြောင်း၊ ထို့ကြောင့် ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို အလေးအနက်ထားပြီး လိုက်နာပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်ဟု ပြောကြားခဲ့ပါကြောင်း။
မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ထိခိုက်စေရန်၊ နစ်နာစေရန်  ရည်ရွယ်ချက်လုံးဝမရှိပါကြောင်း၊ ရည်ရွယ်ချက်နှင့် ဆန္ဒမရှိသော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ထိခိုက်နစ်နာစေမူများ ဖြစ်ပေါ်စေခဲ့သည့် အတွက် မိမိ၏ ဆွေးနွေးချက်များထဲမှ အထက်ပါအချက်များကို ပြန်လည်ရုပ်သိမ်းလိုပါကြောင်းနှင့် မှတ်တမ်း တင်ထားခြင်း မှ ပြန်ဖျက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါကြောင်း၊ ဖော်ပြပါ ဆွေးနွေးတင်ပြခဲ့မှုများနှင့် ပတ်သက်၍ မိမိအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် တင်ပြလိုပါကြောင်း။
ဦးတင်ထွေး၏ အဆိုကို ပြန်လည်ဆွေးနွေးတင်ပြခဲ့သည့် အချက်များနှင့်ပတ်သက်ပြီး မိမိတွင်သာ တာဝန်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လေးစားပါကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ထိခိုက်စေရန်၊ နစ်နာစေရန် ရည်ရွယ်ချက် မရှိ၊ မထင်မှတ်ဘဲ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်ကို ခွင့်လွှတ်ပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း တင်သွင်းထားသည့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်အတွင်း လွန်ခဲ့သော နှစ်(၈၀)ကျော်ကပင် ပြင်ဆင်သတ် မှတ်ခြင်းမပြုဘဲ စည်းကြပ်ကောက်ခံလျက်ရှိသော မြေခွန်နှုန်းထားများအပြင် ရေခွန်၊ တာတမံခွန်များကို ဈေးကွက်စီးပွားရေးနှင့်အညီ ပြောင်းလဲချိန်တန်ပြီဖြစ်၍ နိုင်ငံတော်ရှိ တောင်သူလယ်သမားများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော အခွန်နှုန်းထားများကို ပြင်ဆင်သတ်မှတ်၊ စည်းကြပ်ကောက်ခံရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း  အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် မင်းဘူးမဲဆန္ဒမှ ဦးဝင်းဝင်း ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့်  တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးနေ၀င်းတို့က ပါဝင်ဆွေးနွေးကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က အဆိုတွင် တောင်သူလယ်သမားများအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေသည့် အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ပြီး စည်းကြပ်ကောက်ခံရန်ဟု ပါရှိသည့်အတွက် အဆိုကို ထောက်ခံ ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပြီး လွှတ်တော်က ယင်းအဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ထို့ပြင် ယနေ့အစည်းအဝေး၌ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားခြင်း၊ “တူးမြောင်းဥပဒေကြမ်း” တင်သွင်းခြင်းနှင့် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၇ ခုနှစ် မေ ၂၅ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

ကျော်သူထက် (သတင်းစဉ်)

No comments:

Post a Comment