Monday, May 22, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်အဝေး တတိယနေ့ကျင်းပ

နေပြည်တော် မေ ၂၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်အဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်ကော်မတီများတွင် ကော်မတီဝင်နေရာများ အစားထိုးဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာနှင့် မျောက်တောင်ကျေးရွာအတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များအား အခြေခံပညာအလယ်တန်း ကျောင်းများအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းနေခွင့်ရရှိရေးနှင့် ကျောင်းနေခွင့်ရရှိပြီးသော ကလေးငယ်များအားလုံး ကျောင်းနေမြဲရေးအား ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ရန် သတ်မှတ် ချက်များရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် မူများရှိသော်လည်း ဖြေလျော့၍ ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုထားခြင်းရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် မျောက်တောင်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) (၂)ကျောင်း အား အခြေခံပညာ အလယ်တန်းကျောင်းအဆင့်အဖြစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း တိုးမြှင့်နိုင်ရန် စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် နှင့် လိုအပ်သည့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက မူများနှင့်ကိုက်ညီ သော (၉၃၇)ကျောင်း၊ ဖြေလျော့၍ ဆောင်ရွက်ပေးခဲ့သည့် ကျောင်းပေါင်း ၂၃၇၅ ကျောင်း စုစုပေါင်း ၃၃၁၂ ကျောင်းအား အဆင့်တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မိတ်စာဝကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း တို့၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ) က ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေတွင် အခန်းပေါင်း ၉ ခန်းနှင့် ပုဒ်မပေါင်း ၅၄ခု ရှိပါကြောင်း၊ ဆွေးနွေးလိုသည့်အချက်မှာ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေဖြစ်သည့်အတွက် လုပ်ငန်းရှင် များ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများအား ဥပဒေအရ မည်သို့ဖြေရှင်းရမည်၊ မည်သို့ဖြေလျော့ရမည်၊ အခွန်အခများကို တိတိကျကျရနိုင်စေရန် မည်သို့ဖန်တီးရမည်ဆိုသည့် အချက်များကို ဥပဒေတွင် ရေးဆွဲရန် အထူးလိုအပ် ပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်သို့ သွားရာတွင် စီးပွားရေးဆိုင်ရာဥပဒေများကြောင့် စီးပွားရေးစနစ်၊ စီးပွားရေး အဖွဲ့အစည်းများ၏ ၀န်ထုတ်ဝန်ပိုးများကို ထမ်းပိုးထားရန် မလိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပဒေ၏ အခန်း (၃) (၄)နှင့် အခြားဥပဒေပုဒ်မများကို ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည့်အတွက် ဆွေးနွေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မေလ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment