တာချီလိတ် မေ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ မြို့မသုသာန်တွင် တဲထိုး၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူ
တစ်ဦးအား ယနေ့ မေလ ၂ ရက်၊ နံနက် ၁၀
နာရီခွဲခန့်က မူးယစ်ဆေးဝါးရောင်းရငွေများနှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
တာချီလိတ်မြို့မသုသာန်တွင်
တဲထိုး၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရ
ဝင်ရောက်ရှာဖွေရာ ကျော်ကြီး(ခ)ကိုကျော်(ခ)ညိုဝင်းသည် ထွက်ပြေးရန်
ကြိုးစားသဖြင့် ပူးပေါင်း အဖွဲ့ဖြင့် ၀ိုင်းဝန်း ဖမ်းဆီးပြီး၊ တဲအတွင်း ကြမ်းပြင်ပေါ်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်အား
ဆက်လက်ရှာဖွေရာစစ်ဆေးရာ Wy စာတမ်းပါ
ပန်းရောင်စိတ်ကြွဆေးပြား (၆၂၄)ပြား၊ ဒေသတန်ဖိုးငွေကျပ် ၉၃၆၀၀၀ ခန့်၊ ဘိန်းဖြူ(၀.၄)ဂရမ် ၊ ဒေသ တန်ဖိုးငွေ ကျပ် ၆၄၀၀ခန့်၊ စိတ်ကြွဆေးပြားရှုရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် ပလပ်စတစ်ဗူး (၁)ဗူး နှင့်
အစိမ်းရောင် ဂက်စ်မီးခြစ် တစ်လုံးအပြင် မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသည်ဟု ယူဆရသည့် ထိုင်းဘတ်ငွေ ရောရာ (၃၆၉၂၀)ဘတ်အား သိမ်းဆည်းရရှိကြောင်း
သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိသည့် ကျော်ကြီး(ခ)ကိုကျော်(ခ)ညိုဝင်း အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။တာချီလိတ်(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment