Monday, May 1, 2017

ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း (ငွေဆောင်) စခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ


ငွေဆောင် မေ ၁
 
၂၀၁၇ခုနှစ် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင် ဟိုတယ်၌ ကျင်းပရာ ဘက်စုံပညာထူးချွန် မောင်မယ်များက မြန်မာ့ကျောင်း တေးသီချင်းဖြင့် သီဆိုပြီး အခမ်းအနား ဖွင့်လှစ်သည်။

အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့် သူများဖြစ်ကြောင်း ရည်မှန်းချက် ရှိရန် လိုအပ်ကြောင်း၊ ရည်မှန်းချက်ရှိသည့် အတွက်လည်း လူရည်ချွန်များ ဖြစ်လာကြောင်း၊  လူရည်ချွန်ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိကိုယ်ကို ကောင်းအောင် ကြိုးစားရန် လိုအပ်ကြောင်း၊ ထို့အတူ မိမိနိုင်ငံ ကောင်းအောင်အတွက်လည်း ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဘ၀ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို အမှတ်တရ စကားပြောကြားပြီး ဘက်စုံထူးချွန်လူငယ်စီမံကိန်း ဗဟိုကော်မတီ ဒုတိယဥက္ကဌ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော် ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် လူရည်ချွန် အဆင့်ဆင့် ရွေးချယ်ခြင်းနှင့် စပ်လျဉ်ပြီး ရှင်းလင်းပြော ကြားသည်။


ဆက်လက်၍ ဘက်စုံပညာထူးချွန် တံဆိပ်များကို ၀န်ကြီးချုပ်  မန်းဂျော်နီ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းတို့က ဘက်စုံပညာ ထူးချွန် ကျောင်းသားများအား လည်းကောင်း ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ပဲခူး တိုင်းဒေသကြီး ပညာရေးမှူးနှင့် တနင်္သာရီ တိုင်းဒေသကြီး ပညာရေးမှူးတို့က ဘက်စုံပညာထူးခွန် ကျောင်းသူများအား လည်းကောင်း   ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်) စခန်းမှူးက စခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို ၀န်ကြီးချုပ် မန်းဂျော်နီနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း တို့အား ပေးအပ်ကာ  (၁၉၆၄-၁၉၈၈) လူရည်ချွန်ကြီးများက အမှတ်တရ တံဆိပ်ကို ၀န်ကြီးချုပ် မန်းဂျော်နီ်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းတို့ထံ ပေးအပ်ပြီး ဘက်စုံပညာ ထူးချွန် မောင်မယ်များ ကိုယ်စား ၃ထပ်ကွမ်း ဘက်စုံပညာထူးချွန် ကျောင်းသူ မဖြိုးဆုဟန်က ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက် အခြေခံပညာ ကျောင်းသားတစ်ဦးက ကျွန်တော့်ရည်မှန်းချက် တေးသီချင်းဖြင့် လည်းကောင်း၊ ပညာအလင်္ကာ တေးဂီတ အဖွဲ့မှ ဧရာဝတီရဲ့အလှ တေးသီချင်းဖြင့် လည်းကောင်း၊ အမက(၂၀) ပုသိမ်မှ ကျောင်းသားကျောင်းသူလေးများက မနောမြေမှ တေးသံသာ တေးသီချင်းဖြင့် လည်းကောင်း၊ အမက(၂၄) ပုသိမ်မှ ကျောင်းသားကျောင်းသူလေးများက ထာဝရမြန်မာ တေးသီချင်း ဖြင့် လည်းကောင်း၊ ဘက်စုံပညာ ထူးချွန်မောင်မယ်များက ဇာတိမာန် တေးသီချင်းဖြင့် လည်းကောင်း အသီးသီး ဖျော်ဖြေ တင်ဆက်ကြသည်။

သတင်း-မင်းသစ် (MNA)/ဓာတ်ပုံ-နေလင်း

No comments:

Post a Comment