Monday, May 8, 2017

ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်



ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယမန်နေ့ နံနက်ပိုင်းက ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး - ကျိုက်ထို - မော်လမြိုင် လမ်းပိုင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ရှင်းလင်းဆောင်၌ ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီမှ တာဝန်ရှိသူက ပဲခူး - ညောင်လေးပင် လမ်းပိုင်း ၊ ဘုရားကြီး - ကျိုက်ထိုလမ်းပိုင်း ၊ ကျိုက်ထို - သထုံ - မော်လမြိုင်လမ်းပိုင်း နှင့် သထုံ - မြိုင်ကလေး လမ်းပိုင်းတို့အား (၂) လမ်းသွားမှ (၄) လမ်းသွား တိုးချဲ့ခြင်းနှင့် တံတားများ တိုးချဲ့ တည်ဆောက် နေမှုတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စု ဝန်ကြီးက လမ်းတိုးချဲ့ ဆောင်ရွက်ရာတွင် လမ်းဖြတ်သန်းသည့် မြို့များ၏ Town Plan ကိုပါ ထည့်သွင်း စဉ်းစားရန် ၊ ယာဉ်သွားလာမှု အများဆုံး ဖြစ်သည့် ကုန်သွယ်ရေး လမ်းကြောင်းအား ဦးစားပေး ဆောင်ရွက်ရန်တို့ကို တာဝန် ရှိသူများအား မှာကြားသည်။
မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပြီး မွန်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဆောက်အဦ ၊ လမ်း ၊ တံတားနှင့် မြို့ပြ ဖွံ့ဖြိုးရေး ကိစ္စရပ်များ ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ထို့နောက် ညနေပိုင်းတွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင် အဆောက်အဦ ဦးစီးဌာန ၊ အဆောက်အဦ အထူးအဖွဲ့ (၃) မှ တာဝန်ယူ တည်ဆောက် နေသော အမျိုးသမီးနှင့် ကလေးဆေးရုံကြီး (၅)ထပ် တိုးချဲ့လူနာဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့် က ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ဆေးရုံ (၅)ထပ် တိုးချဲ့ဆောင် တည်ဆောက် နေမှု ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေ ၊ မြို့ပြ / ရေသန့် ၊ လျှပ်စစ်အပိုင်း ဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်  ဆေးရုံ (၅)ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment